အခန်း(၁၃)

2.6K 271 4
                                    

နောက် သုံးရက်အကြာတွင် မြို့ကို Stay at Home ကြေညာတော့မည်ဟု သတင်းရသည်။ စိုးကြီးက 'မနက်ဖြန် ငါတို့အိမ်မှာ မုန့်လုပ်စားမလို့ လာခဲ့' ဟု မနေ့ညက ဖုန်းဆက်တုန်းက ပြောထားသည်။

ဝေ သွားချင်နေသည်။ အိမ်မှာ နေရတာ ပျင်းလှပြီ။ သို့သော် ဒေါ်မေဖြူစင်က ခွင့်ပြုမည်မဟုတ်။ ဘယ်လိုကြံရမည်နည်း။ ဟုတ်ပြီ။ ဒေါ်မေဖြူစင်က နေ့ခင်းဘက်တွေဆို online class နှင့်အလုပ်ရှုပ်နေတတ်သည်။ Laptopရှေ့က တော်တော်နှင့်မထ။

'အန်တီ၊ ဝေ အိပ်မလို့၊ ညက အိပ်မပျော်ဘူး၊ ဝေသုံးနာရီလောက်မှ ထမယ်နော်၊ ဝေ့ကို မနှိုးနဲ့' ဟု ပြော၍ နေ့လယ်စာ စားပြီးကတည်းက အခန်းထဲအောင်းနေလိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွင် ဖက်လုံးနှင့်စောင်လိပ်များကို စောင်ခေါင်းမြီးချုံပေးထားကာ လူအိပ်နေပုံနှင့် မတူတူအောင် ကြိုးပမ်းအားထုတ်နေသည်။ စိတ်တိုင်းကျပြီဆိုမှ ဝေပြတင်းပေါက်မှ လှေကားထောင်ကာ အောက်သို့ဆင်းသည်။ သော့ပိုတစ်ချောင်းဖြင့် ခြံတံခါးကို အသံမမြည်အောင် ဖွင့်ရင်း ထွက်သည်။ ထို့နောက် သော့ကို သေချာပြန်ပိတ်ကာ ဝေသည် လမ်းထိပ်သို့ အပြေးထွက်ခဲ့တော့သည်။

ဟော။ Honda Super Cubဖြူလေးကို မြင်ရပြီ။ စိုးကြီးသည် ဝေ့ကို ဆိုင်ကယ်နှင့် လာခေါ်ခြင်းပါ။ ထိုနေ့လယ်က ဝေပျော်လိုက်သည့် ဖြစ်ခြင်း။ စိုးကြီးတို့အိမ်တွင် အိမ်သားများစုံနေသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည်။ အိမ်မှာလို ထမင်းစားပွဲတွင် လူနှစ်ယောက်သာရှိသော အဖြစ်မဟုတ်။ နေရာမဆံ့သဖြင့် မတ်တပ်ရပ်စားသူကစား၊ တီဗီရှေ့သွားထိုင်သူကထိုင်နှင့်။ စားပြီးသောက်ပြီးကြသောအခါ ဝေနှင့်စိုးကြီးသည် စိုးကြီးအခန်းထဲဝင်၍ နေကြသည်။ စိုးကြီးက လိုင်းပေါ်မှာ တွေ့သည့် ကောင်မလေးတစ်ယောက် အကြောင်းပြောပြသည်။ သူနှင့် နေ့တိုင်းစကားပြောကြသည်တဲ့။

'ယောက်ျားတွေနဲ့ အကျိုးကိုမပေးဘူးအပြောင်းအလဲအနေနဲ့ ကောင်မလေးနဲ့ တွဲကြည့်ရင်ကောင်းမလားလို့' ဟု စိုးကြီးကပြောသည်။

'တော်စမ်းပါဟာ၊ ခြံလုံရုံမက ဂရိတ်ဝေါကြီးပဲဆောက်ထားဆောက်ထား ခြံခုန်ချင်တဲ့သူက ခုန်မှာပဲ၊ အထီးရယ်၊ အမရယ်လို့ မရှိဘူး သူငယ်ချင်းလေးရဲ့'

အချစ်လေတံခွန်Where stories live. Discover now