အခန်း(၁၁)

2.6K 280 0
                                    

အဲသည်နေ့နောက်ပိုင်း ဝေနှင့် မေဖြူစင်တို့ မဆုံကြ။ စိုးကြီးကတော့ ဝေ့ကို အပြစ်ဆိုသည်။ ဝေက စိမ်းကားလွန်းသတဲ့။ ပြတ်သားလွန်းသတဲ့။ စိတ်ကို ရှည်ရှည် မထားတတ်သူတဲ့။

ဝေကတော့ ဂရုမစိုက်။ ဝေ မိထွေးမလိုချင်။ ထိုစကားပြောတိုင်း စိုးကြီးက 'နင်အစိုးရိမ်လွန်နေတာ' ဆိုတာသာ ပြောသည်။ ဝေ ထိုကိစ္စကို မတွေးပဲနေလိုက်သည်။ စာထဲမှာပဲ စိတ်နှစ်ထားသည်။ ညညဆိုလျှင် တစ်ဖက်ခြံမှ မီးမှိန်ပျပျကို မြင်ရလျှင် အတိတ်တွင်ကျန်ရစ်လေသော ညတစ်ညကို အမှတ်ရသည်။

စာထဲစိတ်နှစ်ပြီ ဆိုကာမှ ကျောင်းပိတ်ဖို့ အကြောင်းဖန်လာသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးစတင်တွေ့ရှိလာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘယ်အချိန်ပြန်ဖွင့်မည် မသိသော ကျောင်းဘက်သို့ ခြေဦးမလှည့်ဖြစ်တော့။ ကျောင်းပိတ်၍ ပျော်တစ်ဝက်၊ မပျော်တစ်ဝက်။

ထိုအချိန်တွင် ပုသိမ်မှာနေသော ဖေဖေ့အစ်ကိုကြီး ဆုံးသွားသည်။ ကိုဗစ်ကြောင့်တော့ မဟုတ်။ နှလုံးရောဂါကြောင့်ဖြစ်သည်။ ဖေဖေသည် အစ်ကိုကြီး၏ နောက်ဆုံးခရီးသို့ လိုက်ပို့ချင်သည်။ ဝေ့အတွက် ဘကြီးအရင်းဆိုသော်လည်း အနေဝေး၍ မတွယ်တာ။ ဝေ စိတ်မကောင်းဖြစ်သည်ဆိုရုံမျှသာ ဖြစ်မိသည်။

ဝေသည် ပုသိမ်သို့ မလိုက်ချင်။ မလိုက်လို့မရ။ ဝေ အိမ်မှာ တစ်ယောက်တည်းဖြစ်နေမည်ဟု ဖေဖေကပြောသည်။ စိုးကြီးဆီ သွားနေမည် ပြောတော့လည်း လက်မခံ။ ဝေကလည်း ပုသိမ်လိုက်ဖို့ကို အတင်းငြင်းဆန်သည်။ သွားခါနီးလာခါနီး စိတ်အနှောင့်အယှက် မဖြစ်စေချင်သော်လည်း ဖေဖေ ဒေါသထွက်ရပြီ။

'သမီးဟာက ခေါ်လို့လည်း မရ၊ ထားလို့လည်း မဖြစ်တဲ့ အခြေအနေကြီးပါလား၊ ကလေးလည်း မဟုတ်တော့ဘူး'

'ဘာလို့ ထားမဖြစ်ရမှာလဲ။ သမီးတစ်ယောက်တည်း နေရဲတယ်။ ဘာမှ မကြောက်ဘူး။ ဖေဖေ စိတ်ဖြောင့်ဖြောင့်သာသွား၊ ဝေ ကလေး မဟုတ်တော့ဘူး'

'ဖေဖေ ဘယ်လိုလုပ် စိတ်ချနိုင်မလဲ'

'စိတ်ချပါဆို ဖေဖေရာ၊ တစ်ယောက်တည်းမှ မဟုတ်တာ၊ ပတ်ဝန်းကျင်နဲ့ ရပ်ကွက်နဲ့၊ ဘေးမှာလည်း အိမ်နီးနားချင်းတွေရှိတာပဲ'

အချစ်လေတံခွန်Where stories live. Discover now