အခန်း(၁၂)

2.6K 286 5
                                    

အမြဲလိုလို ခါးလယ်လောက်ဆံပင်ကို စည်းထားပုံနှင့် မြင်တွေ့ရတတ်သော အန်တီခင့်ကို ယခုအခါ ပခုံးထိသာ ရှည်လျားသောဆံပင်များနှင့် တွေ့ရသည်။ အန်တီခင်ဟုခေါ်လိုက်သောအခါ လှည့်ကြည့်သည့်မျက်နှာမှာ ဦးကောင်းမြတ်ဖြစ်နေလေသည်။ ဝေ အိပ်ရာမှ လန့်နိုးလာသည်။

ဒေါ်မေဖြူစင် အိပ်ရာပေါ်တွင် မရှိတော့။
ထမင်းစားခန်းထဲတွင် တွေ့ရလေသည်။

'Good Morning'

ဒေါ်မေဖြူစင်က နှုတ်ဆက်သည်။

'ဝေ အိပ်ရာထနောက်ကျသွားတယ်၊ အန်တီ မနက်စာ ဘာစားမလဲဟင်'

'နောက်မကျပါဘူး၊ တို့က စောစောနိုးနေတာ၊ ကော်ဖီသောက်မလားလို့'

'ကော်ဖီလည်းသောက်ပါ၊ တစ်ခုခုလည်း စားပါဦး'

'မင်းစားတာပဲ စားမယ်လေ'

'အဲဒါဆို ဝေ လမ်းထိပ်သွားဝယ်လိုက်မယ် ခဏစောင့်နော်'

'ဪ Maskတပ်သွားဦးနော်၊ ဆိုင်ကျလည်း လူတွေနဲ့ ဝေးဝေးနေ'

ဝေက ပိုရန်ကောဟု ဘုကလန့် တွေးသော်လည်း နှုတ်မှ ထွက်ကျလာသည်က ဟုတ်ကဲ့။

ဝယ်လာသော ထမင်းချဉ်နှင့် ဝေ၏ အကျွမ်းကျင်ဆုံးဟင်းလျာ ကြက်ဥကြော်ကို တွဲစားကြသည်။

'ကြက်ဥတော့ ကောင်းကောင်းကြော်တတ်သားပဲ'ဟု ဒေါ်မေဖြူစင်က မှတ်ချက်ချသည်။

'စိုးကြီးပြောတာ အဟုတ်ပဲ'

ကြက်ဥကြော်ကို ခက်ရင်းဖြင့် ဖိထားကာ ဇွန်းဖြင့် ဖဲ့ယူရင်း ဒေါ်မေဖြူစင်က ပြောလာသည်။ ဝေ့ စိတ်တွင်တော့ ကြက်ဥကြော်ဖဲ့တာတောင် ကြီးကျယ်လိုက်တာဟု တွေးနေသည်။

'အအိပ်ကြမ်းတယ်ဆိုတာလေ၊ မင်း ညက....' စကားကို ဆုံးအောင်မပြော ထမင်းတစ်လုတ်ကို ပါးစပ်ထဲ သွင်းနေလိုက်သေးသည်။

ဝေ ဘာလုပ်မိပါလိမ့်။ သူ့ကိုများ ဖက်လုံးမှတ်ပြီး ခွမိသေးလား။ ဝေက နားစွင့်လျက်ရှိစဉ် 'အိပ်တာတောင် မျက်မှန်ချွတ်မအိပ်ဘူးလေ'
ထိုအခါမှ ထမင်းလုတ် မျိုကျတော့သည်။

'အန်တီ ဒီနေ့ ညနေမှ ပြန်လာမှာမလားဟင်'

'ဟော မင်းက စောစောစီးစီး နှင်နေပြီပေါ့လေ'

အချစ်လေတံခွန်Where stories live. Discover now