အခန်း(၄)

2.8K 274 4
                                    

ဝေ အိပ်ရာထနောက်ကျသွားသဖြင့် ဒီနေ့တော့ ပထမအချိန်လွတ်မှာ သေချာသည်။ မနက်စာကို ထွေထွေထူးထူးလည်း လုပ်နေချိန်ရတော့မှာမဟုတ်။ မိုင်လိုနှင့်သာ ဗိုက်ဖြည့်ရတော့မည်။ ဖေဖေက မနက်စောစောစီးစီး လမ်းလျှောက်သွား၍ ပြန်လာမှ အဆင်ပြေတာတစ်ခုခု ဝယ်စားလိမ့်မည်။ မီးဖိုချောင်ထဲတွင် ရေနွေးအိုးတည်ထားရင်း မိုင်လိုကို ခွက်ထဲဖောက်ထည့်ထားကာ ရေနွေးအိုးဆူအောင် ဝေ ထိုင်စောင့်နေမိသည်။ ထိုအချိန်တွင် အိမ်ရှေ့မှ လူခေါ်သံလိုလို ကြားရသဖြင့် တံခါးဆီသို့ ထွက်လာခဲ့သည်။ အန်တီခင်။

အန်တီက စကားစသည်။

'အိမ်ရှေ့ ခြံတံခါးပွင့်နေတာနဲ့ ဝင်ခဲ့လိုက်တာ'

ဝေသည် အိမ်တံခါးမကို ဖွင့်လိုက်ပြီး

'ဟုတ် အန်တီ၊ ဘာဖြစ်လို့လဲ မသိဘူး'

'အိမ်မှာ မုန့်ဟင်းခါး ချက်လို့ လာပို့တာ'

'ဪ။ ဟုတ်ကဲ့'

အန်တီခင်ကမ်းသော ချိုင့်ကိုလှမ်းယူစဉ် ဝေသည် အန်တီ့လက်နှင့် ထိမိမှာစိုးသဖြင့် ချိုင့်ကို ဘေးနှစ်ဖက်မှ ညှပ်ကိုင်ရန်ပြင်လိုက်သည်။

'ပဲဟင်းတွေက ပူတယ်နော်၊ လက်ကိုင်က ကိုင်လေ'

ဝေသည် လက်ကိုင်ကို ကိုင်ရန် တွန့်ဆုတ်ဆုတ်ဖြစ်နေသည်။

'ကဲပါ၊ လက်ပြောင်းမနေတော့ဘူးကွယ်၊ ထမင်းစားပွဲပေါ် တင်ပေးမယ်လေ၊ မီးဖိုချောင်က ဘယ်မှာလဲ'

ဝေ ဦးဆောင်ခေါ်ရာနောက် အန်တီ လိုက်လာသည်။ ထို့နောက် ထမင်းစားပွဲပေါ် ချိုင့်တင်ပေးသည်။ ထိုအခါမှ ဝေလည်း သက်ပြင်းချနိုင်သည်။

'Breakfastစားပြီးသွားပြီလား၊ ကိုနိုင်တစ်ယောက်ကော'

'ဖေဖေက လမ်းလျှောက်သွားတယ်။ မနက်စာ မစားရသေးပါဘူး၊ ကျေးဇူးပါ အန်တီ'

'အင်း၊ ချိုင့်မလှယ်ဘူးလား'

ထိုအခါမှ ဝေသည် ချိုင့်လှယ်ပေးရန် သတိရလေသည်။ စားပွဲပေါ်မှ မိုင်လိုခွက်ကို အန်တီမြင်သွားပုံရသည်။

'ကော်ဖီတွေလား'

'ကော်ဖီမဟုတ်ဘူး၊ မိုင်လို'

အချစ်လေတံခွန်Where stories live. Discover now