အခန်း(၁၇)(ဇာတ်သိမ်းပိုင်း)

4.8K 337 25
                                    

လူတွေဟာ ရေစက်ပါသလောက်ပဲ တွေ့ခွင့်ဆုံခွင့်ရှိကြသလား။

ကြည်လင်သော ပြာလဲ့လဲ့ ကောင်းကင်ကို မျက်နှာမူကာ ဝေသည် ဒန်းပေါ်တွင် ပက်လက်အနေအထားဖြင့် စဉ်းစားခန်းဝင်နေ၏။

သူစိမ်းတစ်ဦး လမ်းထဲဝင်လာသော အချိန်မျိုး၊ 'မှိုသည်... မှို' ဟု အော်သော ဈေးသည် ဝင်လာချိန်မျိုးဆို မိုင်လို ထဟောင်သည့်အသံကို တစ်လမ်းလုံးကြားရသည်။ နောက်ဆက်တွဲအနေနှင့် မိုင်လိုကို ထဟန့်လိုက်သော အသံလေးကိုပါ ကြားရတော့သည်။

ခွေးဟောင်သံကြားရင် ကြောင်တွေပဲ နားရွက်ထောင်တယ်ထင်တာ၊ ဝေလည်း ခု နားရွက်ထောင်နေရပြီ အန်တီရေ။ အန်တီ့နှလုံးသားကို ဝေ့လက်သည်းတွေနဲ့ ကုတ်ခြစ်မိသွားလားဟင်။ ဝေ မရည်ရွယ်ပါဘူး။ ဝေက မခုတ်တတ်တဲ့ ကြောင်လေးပါ။ မခုတ်တတ်တဲ့ ကြောင်လေးကို အန်တီ့အနားမှာ ထားချင်ပါ့မလားဟင်။ ဝေ ရူးတော့မယ်နဲ့တူပါတယ်။

တစ်နေကုန် မှိုင်မှိုင်တွေတွေမို့ ဝေ့ကို ဖေဖေကတောင် ပြောယူရသည်။ သင်တန်းလေးဘာလေးတက်ဖို့။ ဟင့်အင်း။ ဝေဘာမှ မလုပ်ချင်ဘူး။ စိုးကြီးက ကိုရီးယားစာကို online classတက်နေ၍ ဝေ့ဆီ အလာကျဲသည်။ ကျောင်းမတက်ရတော့ စာတွေနဲ့လည်း ဝေးခဲ့ပြီ။ တချို့က စာတွေပြန်လုပ်နေသည်တဲ့။ မဖြေလိုက်ရတဲ့ စာမေးပွဲ ကျောင်းပြန်ဖွင့်ရင် အဆင်သင့်ဖြေရအောင်လို့တဲ့။ ဪ ကိုယ်စီ မျှော်လင့်ချက်တွေနဲ့ပေါ့။

တစ်နေ့တစ်နေ့ ခြံထဲဆင်းပြီး သစ်ခွတွေကြည့်လိုက်၊ ပေါင်းတွေနှုတ်လိုက်၊ အုတ်နံရံနားကပ်ပြီး အန်တီ့အသံလေး ကြားလိုကြားငြား နားစွင့်လိုက်နှင့်။ အဲ့သည်နေ့ညရဲ့ နောက်နေ့ မနက်မှာကတည်းက
အန်တီ ဝေ့ကို အေးစက်စက်ဖြစ်သွားခဲ့တာ။ ဝေသိခဲ့တဲ့၊ ဝေ့ကို ဂရုစိုက်တဲ့ ဒေါ်မေဖြူစင် ဘယ်ရောက်သွားလဲ မသိပါ။

အန်တီနှင့် အမှတ်တရများ ရှိခဲ့သော ဒန်းလေးပေါ်တွင် ဝေ့အချိန်များကုန်ဆုံးစေတာ ရက်သတ္တပတ် ဘယ်နှစ်ပတ်များရှိခဲ့ပြီလဲ။
မနည်းမနော ကုန်လွန်ခဲ့ရောပေါ့။

အခုလည်း ဒန်းပေါ်မှာ ထိုင်လိုက်၊ ထလိုက်၊ လှဲလိုက်နှင့် စိုးကြီးဆီက သွားငှားထားသောစာအုပ်ကို ရေရေရာရာမဖတ်ဘဲ ဟိုလှန်သည်လှော လုပ်နေခဲ့တာ။ စိုးကြီးက ဂျူး သိပ်ကြိုက်တာ။ သူ့ဆီမှာ ဂျူးစာအုပ်ဆို အကုန်ရှိ။ ဈေးကွက်ထဲ သုံးသောင်းလောက် ဈေးမြောက်နေတဲ့ အဟောင်းတွေပါရှိသည်တဲ့။
သူမသိအောင် ယူပြီး ရောင်းပစ်ရင် ဆွေ့ဆွေ့ခုန် နေမယ်ထင်ရဲ့။ ဟက်ဟက်။ ဝေ နီးရာကောက်ဆွဲလာခဲ့မိသည့် စာအုပ်က
'ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ' တဲ့။

အချစ်လေတံခွန်Where stories live. Discover now