အခန်း(၁၆)

3K 269 5
                                    

'ကံသီပေလို့ ဒီအဖေနဲ့ဒီသမီး ပြန်တွေ့ရတယ်၊ သမီး မျက်နှာလေး နည်းနည်းပြည့်လာတယ်' ဖေဖေက ပြောပြီး ဝေ့ဆံပင်တွေကို ဖွသည်။ ဖေဖေ နည်းနည်း ပိန်သွားသည်။ဟုတ်သည်။ လူပင်ပန်းခြင်းထက် စိတ်ပင်ပန်းမည်။

'မေဖြူ့ကို ကျေးဇူးတင်လိုက်တာ ဒီအတောအတွင်း ဝေ့ကို စောင့်ရှောက်ခဲ့တာ၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်ပိုတဲ့စကားလုံးရှိရင် ပြောချင်ပါသေးတယ်'

'မဟုတ်တာ ကိုနိုင်၊ ဘာမှ အပန်းမကြီးပါဘူး'

'ဝေက ပေါင်းကြည့်တော့ ဆိုးတယ်မလား'
ဖေဖေက ရယ်ပြီး ပြောသည်။

'မဟုတ်တာ ဝေက လိမ္မာပါတယ်၊ ခေါင်းမာတာလေးတစ်ခုပဲ' ဒေါ်မေဖြူစင်သည် ပြောပြောဆိုဆို ဝေ့ဆံပင်များကို ဖွသည်။
ဖေဖေနှင့် ဒေါ်မေဖြူစင်တို့အလယ်တွင် ရပ်နေသော ဝေသည် ချစ်စနိုးဖြင့် ဆံပင်ဖွခံရသော ကလေးငယ်တစ်ဦးပမာ။ ဝေက ပွသွားသော ဆံပင်များကို လက်ဖြင့်ပြန်သပ်သည်။

'ကိုနိုင် ပြန်ရောက်ပြီဆိုတော့ မေဖြူပြန်တော့မယ်'

'တစ်ရက်လောက်နေပါဦးလား မေဖြူ၊ ဝေက မေဖြူ့ကို သံယောဇဉ်တွယ်နေတော့မှာပဲ'

ဖေဖေပြောလိုက်သော စကားကြောင့် ဝေရှက်ကိုးရှက်ကန်း။ ဘာလို့ အဲ့စကားကြီး ပြောလိုက်ရတာလဲ ဖေဖေရာ။

'မေဖြူတော့ မထင်ပေါင်၊ ဝေက လူတစ်ယောက်ကို ခင်ဖို့ တော်တော်အချိန်ပေးစဉ်းစားတယ်နဲ့ တူတယ်၊ ဟုတ်တယ်မလား ဝေ'

ဝေသည် ခေါင်းငုံ့နေရာမှ ဒေါ်မေဖြူစင်ကို တစ်လှည့် ဖေဖေ့ကို တစ်လှည့်ကြည့်လိုက်ပြီး ကြိုးစားပြုံးလိုက်သည်။

'အဲဒါဆို မေဖြူပြန်တော့မယ်'

'အန်တီ ဘယ်အိမ်ပြန်မှာလဲဟင်'

'ခင်တို့အိမ်မှာပဲ လောလောဆယ်နေဦးမယ်'

'အဲဒါဆို ဝေလိုက်ပို့မယ်လေ'

ဝေသည် အိတ်ကို ဆွဲလိုက်သည်။ ဒေါ်မေဖြူစင်က laptopအိတ်ကို လွယ်လိုက်သည်။

'ဖြစ်ရဲ့လား၊ အိတ်က လေးတယ်၊ တို့ကိုပေးပါ၊ မင်းခုမှ နာလန်ထလေးကို'

'ရပါတယ် နီးနီးလေးပဲကို'

အိမ်သည် လူမနေဘဲနှင့်တောင် ရှင်းသန့်နေဆဲ။ အန်တီခင်က တစ်နေ့ကို တစ်ခေါက်တော့ မပျက်မကွက် သန့်ရှင်းရေးလာလုပ်သည် ထင်ပါရဲ့။ ဒေါ်မေဖြူစင် နေသည့် အခန်းထဲ အိတ်လိုက်ပို့သည်။

အချစ်လေတံခွန်Where stories live. Discover now