အခန်း(၅)

2.7K 269 0
                                    

ပတ်ဝန်းကျင်က ခါတိုင်းလိုမဟုတ်၊ ပုံမှန်လှုပ်ရှားသက်ဝင်နေရာမှ ရုတ်တရက်ကြီး တိတ်ဆိတ်သွားသည်မှာ ကျေးငှက်သာရကာသံများပင် ကြားနေရသည်။ အိမ်မှာ ဖေဖေက မအိပ်ခင် သူ့ဘာသူသတင်းကြည့်၊ ဝေက အခန်းထဲအောင်းပြီး သီချင်းနားထောင်ပြီး စာကြည့်ချင်ကြည့်၊ ဒါမှမဟုတ် ဇာတ်ကားကြည့်သည်။

ဝေ့ ဘဝတွင် သီချင်းတွေ၊ ရုပ်ရှင်တွေက  အဖော်မွန်ပင်။ ဖေဖေနှင့်မေမေ မကွာရှင်းခင်ကတည်းက တကျက်ကျက်ရန်ဖြစ်နေသံများကို မကြားချင်၍ အခန်းတံခါးပိတ်ကာ တစ်ယောက်တည်းနေတတ်သော အကျင့်ရလာခဲ့သည်။ ဝေ၏ ဖြစ်တည်မှုကို မည်သူကမှ မသိကြ၊ သိလည်းမသိချင်ကြ၊ သိအောင်လည်း မကြိုးစား မအားထုတ်ကြ။ ဝေကလည်း သိအောင် ထုတ်မပြ၊ ပြောမပြ။အင်းလေ...သိခြင်း၊ မသိခြင်း နှစ်မျိုး၏ ရလဒ်သည် ကွဲပြားမှာမှ မဟုတ်ဘဲ။ ဝေ ရမှာက ဥပေက္ခာပြုခြင်းလေ။ လောကကြီးမှာ လူဟာ ချစ်ခြင်းမေတ္တာကို လိုချင်တောင့်တကြသူတွေဆိုပေမယ့် တစ်ခါတစ်လေတော့လည်း ကိုယ့်ဖြစ်တည်မှုကို မေ့လျော့ခံရခြင်းက တမျိုးလွတ်လပ်သည်ဟု တွေးမိပြန်သေးသည်။ အမြဲတမ်း မေ့လျော့ခံတစ်ယောက်အနေဖြင့် ကိုယ့်ဖြစ်တည်မှုကို သတိတရရှိပေးသူနှင့် တွေ့သောအခါ မလုံမလဲ။ တစ်ခုခုတော့ မှားနေပြီလား တွေးမိကာ အနေခက်လှသည်။

အခုတော့ ထိုတစ်ယောက်က ဝေ့အနားမှာ မရှိတော့သဖြင့် စိတ်သက်သာရာရသေးသည်။ ထိုမိန်းမ ဝေ့ရှေ့သို့ရောက်လာတိုင်း ဝေစိတ်ကျဉ်းကြပ်ရသည်။ တစ်ခုခုကို သိနေသလို မျက်လုံးတွေနှင့် ဝေ့ကို စိုက်ကြည့်လိုက်တိုင်း ဝေ့တစ်ကိုယ်လုံး ကျုံ့ကျုံ့သွားသလို ခံစားရသည်။

ထိုမိန်းမ၏ မျက်လုံးများက အန်တီခင့်လိုနူးနူးညံ့ညံ့မဟုတ်၊ စူးရှပြီး ရဲတင်းသည်။ ရုပ်ရည်သာ တူပြီး၊ အပြုအမူကတော့ လုံးဝမတူ။ ဟူး... ကြည့်မရတဲ့လူတစ်ယောက်အကြောင်းကို ဘာလို့အပင်ပန်းခံပြီး စဉ်းစားနေမိသလဲ ဝေ မသိတော့။

ဝေ့တစ်နေ့တာက ရိုးစင်းလှသည်။ ကျောင်းဖွင့်ရက်ဆို ကျောင်းသွား၊ စာသင်၊ ပြန်လာ။ သားအဖနှစ်ယောက် တွေ့ရချိန်သည် ညနေ ထမင်းစားပွဲမှာ စကားပြောရင်ပြော၊ ခြံထဲက ဒန်းမှာ ထိုင်ပြီး ဝေက သီချင်းနားထောင်၊ ဖေဖေက သစ်ခွပင်တွေ ပြုစုရင်း စကားပြောရင်ပြော။ ဝေက စကားနည်းသူမို့ ဒိုင်ခံပြောသူက ဖေဖေ။ အလုပ်ထဲက အကြောင်းတွေပြောရင်ပြောတတ်သည်။ ဒါမှမဟုတ်လည်း သတင်းထဲက အကြောင်းအရာတွေပြောချင်ပြောတတ်သည်။ ဝေ က "အင်း" နှင့် "ဟုတ်" နှစ်လုံးကို တစ်လှည့်စီ သုံးသည်။

အချစ်လေတံခွန်Where stories live. Discover now