အခန်း(၃)

2.9K 274 0
                                    

ဦးကောင်းမြတ် ရက်လည်နေ့တွင် ဖေဖေနှင့်ဝေ အန်တီ့အိမ်သို့ တရားနာသွားကြပါသည်။ အန်တီတို့ အမွှာနှစ်ယောက်ကို နီးနီးကပ်ကပ် မြင်ရမှ အသုဘချသည့်နေ့က ဝေ ခေါင်းမူးနေ၍ နှစ်ယောက်မြင်ခြင်းမဟုတ်၊ တကယ်နှစ်ယောက်ရှိ၍ နှစ်ယောက်မြင်သည် ဆိုခြင်းကို လက်ခံလိုက်ရသည်။ အန်တီတို့ ညီအစ်မနှစ်ယောက်မှာ တကယ်ကို တူပါသည်။ ဒီနေရာမှာ မဟုတ်ဘဲ တခြားတစ်နေရာမှာဆိုလျှင် ဝေ ခွဲတတ်မှာမဟုတ်။ သို့သော် ခွဲလို့ရသည့် အချက်များကို ဝေ လိုက်ကြည့်နေမိသည်။

အန်တီခင့် အသားအရည်က ဝါညက်ညက်ကလေး၊ အန်တီ့အမွှာကတော့ အဖြူဘက်သမ်းသည်။ နောက်ပြီး ဆင်ယင်ထုံးဖွဲ့မှုကိုကြည့်ပြီး ခွဲလို့ရသေးသည်။ အန်တီခင်က အမြဲ မြန်မာဝတ်စုံနှင့် ဖြစ်ပြီး အန်တီ့အမွှာက blouseနှင့် jeansနှင့်။ ဆံပင်က နှစ်ယောက်စလုံးစည်းထားကြ၍ သိပ်တော့ မကွဲ။ အန်တီခင့်ဘေးတွင် အန်တီ့အမွှာရှိနေလျှင် ဝေ  သိပ်မကြည့်ရဲ။ ဝေ အန်တီခင်ကို ကြည့်နေတာ အန်တီ့အမွှာက သိနေပုံရသည်ကို ခံစားရသည်။ ထို့ကြောင့် ဝေ့မှာ အန်တီခင်ကို ကြည့်ခွင့်သိပ်မရှိ။

တရားနာပြီး၍ ပြန်အထွက်တွင် ဖေဖေက အန်တီ့အမွှာနှင့် စကားလက်ဆုံကြနေသည်။ ဝေသည် ဖေဖေ့နောက်တွင်ရပ်ကာ ဖေဖေတို့စကားဝိုင်းကို စိတ်မဝင်စားဟန်ဖြင့် ဧည့်သည်များကို လိုက်ကြည့်နေလေသည်။ ဖေဖေက
'သူငယ်ချင်းတစ်ယောက်ကို သွားနှုတ်ဆက်လိုက်ဦးမယ်၊ သမီး ဒီမှာ မေဖြူနဲ့ စကားပြောလိုက်ဦး၊ ပြီးမှ ပြန်ကြတာပေါ့'
ဖေဖေသည် ဝေ့ထံမှ စကားပြန်ကိုတောင် မစောင့်ဘဲ သူ့သူငယ်ချင်းဆီသို့ ထွက်သွားလေသည်။

အန်တီ့အမွှာက ဝေ့ကိုပြုံးကြည့်နေပြီး
'လာ ဟို ပန်းရုံအောက်က ခုံမှာ အေးအေးဆေးဆေးထိုင်ကြရအောင်' ဟုဆိုသဖြင့် ဝေလည်း မလိုက်ချင် လိုက်ချင်နှင့် လိုက်သွားသည်။

'ကဲ ပြောပါဦး၊ တို့ကို သိလား'

'ဟို...အန်တီခင်ဖြူစင်နဲ့....အမွှာ....'

'ဟင် ၊ ဒါပဲလား'

ဝေ ခေါင်းညိတ်လိုက်သည်။ ဝေ သိထားသည်များ ပြောပြနေလျှင် စကားရှည်နေလိမ့်မည်စိုး၍ ဖြစ်သည်။

အချစ်လေတံခွန်Where stories live. Discover now