13

3.6K 281 6
                                    

Unicode
_________

* တင်းတောင် *

တံခါးဘဲလ်ကို နှိပ်ပြီးသည်နှင့် အနောက်သို့ ကွယ်ကာ ရပ်လိုက်သည် ။ တဆက်ဆက်တုန်ရီနေသော လက်ကို အနောက်သို့ ဖွက်ကာ ခေါင်းကို ငုံ့ထားလိုက်သည် ။

" မာမီ ၊ တီလေး "

တံခါးဖွင့်သံ နောက်တွင် ကပ်ပါလာသော ခပ်ရှရှအသံကြောင့် ခြေတစ်လှမ်းပင် နောက်ဆုတ်မိတော့မယောင်ဖြစ်သွားရသည်ည် ။

" ဧည့်သည်ကို အိမ်ထဲ ခေါ်ဦးမှပေါ့ နှိုင်းမခရဲ့ "

" အာ "

ဝတီ့ စကားကြောင့် တံခါးကို အပြည့်ဖွင့်ကာ ဘေးကို ကပ်လိုက်သည် ။ လွန်း လိုက်ဝင်သင့်မဝင်သင့် စဥ်းစားကာ ရပ်နေသည်ကို နှိုင်းမခက မြင်သွားသည် ။

" မဝင်တော့ဘူးလား "

" အာ ဟုတ် ... ဝင် .... ဝင်မယ် "

နှိုင်းမခ၏ တိုက်ခန်းက နေချင်စဖွယ်ပင် ။ မိန်းကလေးတစ်ယောက်နေမှန်း သိသာလွန်းစွာ အရာရာဟာ စီရရီဖြင့် သပ်သပ်ရပ်ရပ်ရှိလှသည် ။

" မာမီတို့ ရွှေတိဂုံ ဘုရားသွားမလို့လေ ၊ လွန်းလေးက နှိုင်းလည်း ဒီနေ့နားတယ်လို့ ပြောတာနဲ့ ဒီကိုပါ ဝင်လိုက်တာ ။ "

" သြော် အဲ့ဒါကို လှမ်းမပြောဘဲနဲ့ ၊ နှိုင်းလာခေါ်မှာပေါ့ "

" လောလောဆယ် ငါခေါ်လာပြီ ၊ ကဲ နှိုင်းမခ ဧည့်သည်တွေကို တစ်ခုခု ကျွေးဖို့လုပ် ။ "

ဝတီက ပြောရင်းဆိုရင်းဖြင့် မီးဖိုချောင်သို့ ဝင်သွားသည် ။ များသောအားဖြင့် မြန်မာဝတ်စုံဝမ်းဆက်၊ ဂျူတီကုတ် အဖြူ ၊ ခွဲစိတ်ခန်းသုံး ပိုးသတ်အင်္ကျီတို့ဖြင့်သာ တွေ့လေ့ ရှိသောကြောင့် ယခု အပြင်အဆင်မှာ လွန်းအတွက် အနည်းငယ် ထူးဆန်းနေသယောင် ဖြစ်နေသည် ။ ဤသို့ ဂျင်းဘောင်းဘီနှင့် တီရှပ်အပွများ ဝတ်လေ့ဝတ်ထ ရှိသည်ကိုလည်း မသိခဲ့ ။ လွန်းသိခဲ့သော နှိုင်းမခက တကယ်ကို ပြောင်းလဲသွားလေပြီ ။

" လွန်းဟေမာန်ငယ် ၊ နင် နှိုင်းမခကိုပဲ ကြည့်နေတော့မှာလား မုန့်တွေ ဝိုင်းသယ်ဦး ။ "

မီးဖိုချောင် အဝင်ဝတွင် လက်ပိုက်လျက် တံခါးဘောင်ကို မှီ၍ ရပ်နေသော နှိုင်းမခအား ငေးခနဲ ကြည့်မိစဥ် အနှောင့်အယှက်က တားမရစွာ ဝင်သည် ။

Once Upon On UsWhere stories live. Discover now