Extra 2.0

4.1K 248 41
                                    

Unicode
_______

" မပေါင်းနိုင်ဘူး ကွာမယ် မမသူငယ်ချင်းကို "

ဒေါသတကြီး အော်ဟစ်လာသော ဖုန်းထဲမှ လွန်းရဲ့အသံကြောင့် ဆွဲလက်စတွေကို ပစ်ချထားခဲ့ကာ နှိုင်းမခနှင့်လွန်း၏ အချစ်ရိပ်မြုံသို့ ကားကို မရပ်တန်းမောင်းလာရပါလေတော့သည် ။

" ဟဲ့ ဘာတွေ ဖြစ်နေကြတာလဲ "

ဧည့်ခန်းကြမ်းပြင်တွင် အားရပါးရထိုင်ချထားကာ UNO ကတ်များဖြင့် ဆော့ကစားနေသော လွန်း၏ သူငယ်ချင်းများနှင့်အတူ နေသူရာ၊ နွေကန္တာဦးကိုပါ တွေ့လိုက်ရသည် ။

လွန်းကတော့ ဆိုဖာပေါ်ထိုင်လျှက် ငိုမဲ့မဲ့ဖြစ်နေပြီး နှိုင်းကလည်း လွန်း၏ ဘေးတွင်ထိုင်ကာ တစ်ခုခု ပြောနေဟန် ။

" ဘာဖြစ်ရမှာလဲ ၊ မကြီးဝတီရဲ့ ညီမပေါ့ ။ ဘာမဟုတ်တာကို ပြဿနာရှာနေတာ "

ရဲရင့်မင်းက ကတ်တွေကို အကြည့်မပျက်ဘဲ တိုင်ရေကြောရေလုပ်တော့ နီးနေသည့် လွန်း၏ လက်က ရဲရင့်၏ ခေါင်းပေါ်ဖျက်ခနဲ ။

" နင် မိန်းမရမှ သိမယ် မိကျောင်းမသား "

" ဘာတွေ ဖြစ်နေတာလဲ ၊ ဟဲ့ နေသူရာ ပြောဦး ငါ့ကို "

" လွန်းက UNO တစ်ကတ်ထဲကျန်တော့လို့ နိုင်တော့မှာကို ခ က +4 နှစ်ကတ်ချလိုက်လို့တဲ့ ၊ အဲ့မယ် ထိုင်ငိုနေ‌တာ "

ရင်ဘက်ကို ဖိရင်း ချစ်ညီမလေးကိုသာ မေတ္တာပို့သမိတော့သည် ။ ဘေးမှ နှိုင်းမခမှာလည်း ရယ်ရခက် ငိုရခက် မျက်နှာပေးဖြင့် ဝတီ့ကို ကြည့်လာသည် ။

" လွန်းငယ် "

" မပြောဘူး အစ်မနဲ့ ၊ ဘာစကားမှ လာမပြောနဲ့ ။ သူများနိုင်မှာကို အဲ့လောက်တောင် မလိုမလားတွေ ဖြစ်နေတာ "

" အဲ့တော့ နင်တို့က တကယ်ကွာမှာလား ။ နေဦး ငါ့အသိ ရှေ့နေရှိတယ် ၊ ငါ ဖုန်းလှမ်းဆက်ပေးမယ် "

" ဟာ ဟဲ့ ! "

နှိုင်းမခက စကားဖြင့်သာ ဟန့်တားပေမယ့် လွန်းဟေမာန်ငယ်ကတော့ ဖျက်ခနဲ အနားရောက်လာကာ ဖုန်းကို ဆွဲယူသွားသည် ။

" ဘယ်လိုဖြစ်နေတာလဲ မမက ၊ ရှစ်ကတ် သိလား ရှစ်ကတ် ! လေးကတ်လောက်ဆိုရင်တောင် ဘာမှမပြောဘူး အခုဟာက နင့်နေအောင်ဆွဲရတာ လွန်လွန်းတယ် "

Once Upon On UsWhere stories live. Discover now