အခန်း ၂၀

4.5K 444 19
                                    

တိတ်ဆိတ်သော ညတစ်ည ။ အေးမြသော ညလယ်ယံမှာ အဆွေးဓာတ်ခံများ ဝန်းရံနေသော အမျိုးသမီး နှစ်ဦး ။ အတိတ်ရဲ့နောင်တများကိုပါ ထွေးပွေ့ထားသော အမျိုးသမီးတစ်ဦး ။

" ကိုမြင့်မောင်နဲ့ ကွာရှင်းလိုက်ရင် ရပြီမဟုတ်လား ။ "

လေးလံနေဟန်ရှိသော ခန္ဓာကိုယ်အား အားယူကာ ထထိုင်မိသည် ။ သက်ပြင်းအသာချရင် သူမအရှေ့က ညိုလေးကို စူးစိုက်ကြည့်သည် ။ ဖျော့တော့သောနှုတ်ခမ်းများဟာ ပိတ်ထားသည်မဟုတ် ။ ထွက်လေဝင်လေများကို ထိုနှုတ်ခမ်းပေါ်၌ အသုံးချလေသည် ။

မြူမှုန်များရစ်ထွေနေသော စံအိမ်တော် အနီးပတ်ဝန်းကျင်ဟာ ကျောချမ်း၍ ကြောက်စရာကောင်းလုပြီ ။ ယနေ့ညမှာတော့ လမင်းဟာ အလင်းရောင်ကောင်းကောင်းကို ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပါ ။

" မမမြိုင် ။ မကွာရှင်းရက်ပါဘူး ။ "

အသက်ရှူမှားလောက်အောင် ထိတ်လန့်ရ၏ ။ ကိုမြင့်မောင်ကို မကွာရှင်းရက်နိုင်တာ ညိုလေးသိနေသည် ။

သွေးမျက်ရည်ကျလောက်တဲ့အထိကို ချစ်ခဲ့ရတဲ့အစ်ကို့ကို မြိုင့်မှာ ဘယ်လိုအင်အားမျိုးနဲ့ ကွာရှင်းရက်နိုင်မှာလဲ ။

" အဲ့သလောက် မသေချာပါနဲ့ ။ တို့ အလွယ်တကူ စွန့်ပစ်နိုင်တယ် ။ "

" တကယ်စွန့်ပစ်မယ့်သူဟာ သူများအကြံကို တောင်းနေရတယ်လား ။ မမမြိုင် ကိုကိုမြင့်ကို မစွန့်ပစ်နိုင်ပါဘူး ။ ဒါကို ကျွန်မသိတယ် ။ "

" မျှော်လင့်မိတိုင်း ဝေးကွာသွားခဲ့တာကလွဲလို့ ။ ဘာများ ရှိနိုင်သေးသလဲ ။ "

" ကိုကိုမြင့်က မမမြိုင်ကို သိပ်ချစ်ပါတယ် ။ "

" မချစ်ဘူး ။ ကိုမြင့်မောင် တို့ကိုမချစ်ဘူး ။ ကိုမြင့်မောင်က သူ့ကိုယ်သူပဲ ချစ်တာ ။ "

" နောင်တရနေတာလား မမမြိုင် ။ "

မြိုင့်ရဲ့မျက်ဝန်းထဲရှိ မျက်စံနက်နက်မှာ ထိတ်လန့်စွာဖြင့် ကျယ်ဝန်းသွားရသည် ။ မြိုင့်ရဲ့ မျက်နှာမှာ နောင်တရသောအရိပ်များ ပေါ်လွင်နေလို့များလား ဟု မြိုင် ထင်မိသည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now