အခန်း ၂၃

3.7K 382 17
                                    

အရာအားလုံးဟာ အရိပ်ဆိုးများ ဖုံးလွှမ်းနေသလို ထိတ်လန့်ခြောက်ခြားစရာ ။ မျက်ရည်တွေကိုသာ မိုးရေအဖြစ်ကို ပြောင်းလဲနိုင်ခဲ့ရင် ခံစားရတာတွေ မြူမှုန်မျှလောက်တော့ သက်သာရာ ရသွားမည် ထင်ပါရဲ့ ။ နှလုံးသားကို နာကျင်စေမိတဲ့လမ်းကို ရွေးချယ်မိခဲ့တဲ့အတွက် လမ်းဆုံးအောင်တော့ လျှောက်ရမည် ။

အိပ်ခန်းထဲမှာ ရှိနေသော မြိုင်ဟာသွေးလန့်ခြောက်ခြားနေသည် ။ မှောင်မိုက်နေသော လောကကြီးထဲ သူမတစ်ယောက်တည်း အခြေချနေထိုင်နေရသလို ခိုလှုံရာနေရာမရှိ အထီးကျန်ဆန်လွန်းလှသည် ။

သူမအား တောင်းပန်သောအသံများကို ကြားနေရသည်ကြောင့် မြိုင်တစ်ယောက် အရူးတစ်ယောက်ကဲ့သို့ မျက်ဝန်းများနှင့် အခန်းထဲရှိအရာဝတ္ထုများကို ကြောက်လန့်စွာဖြစ်နေတော့သည် ။

ဓာတ်ပြားစက်မှ အသံများထွက်လာသလိုလို ၊ မှန်တင်ခုံရှိ မှန်၌ အရိပ်များထင်လာသလိုလိုဖြင့် မြိုင်သည် စိတ္တဇအရူးတစ်ပိုင်း ဖြစ်နေသည် ။ သူမရဲ့ ကိုယ်ဝန်နုနုကို လက်နဲ့အသာဖိပြီး သူမရဲ့ကလေးကို ခေါ်သွားမှာကို ကြောက်ရွံနေရှာသည် ။

" အစ်ကိုမြင့်ရဲ့ကလေးကို နင် မမွေးနိုင်ရဘူး ။ "

အသံမှာအရောင်ပါခဲ့လျှင် ထိုအသံမှာ မှောင်မိုက်သောအမည်းရောင် ဖြစ်နေလိမ့်မည် ။ ကြောက်စိတ်များကို ရင်ဝယ်ပိုက်ထားသော မြိုင့်မှာတော့ နံရံထောင့်နားမှာသာ ဒူးထောင်ကာထိုင်ရင်း ထိုအသံတွေမကြားနိုင်အောင် လက်နဲ့သူမရဲ့နားကို တင်းကြပ်စွာ အုပ်ထားတော့သည် ။

" သွား ။ သွား ။ အဝေးကိုထွက်သွား ။ မလာနဲ့ ။ မလာနဲ့ ။ "

ပထမဆုံးလူသတ်ဖူးရင် ကိုယ်သတ်ဖူးတဲ့လူရဲ့မျက်နှာကို တစ်သက်မမေ့နိုင်ဘူးဆိုတာ မြိုင့်အတွက်တော့ မှန်ကန်နေခဲ့ပြီ ။ သူမလက်နှင့်ကိုယ်တိုင်သတ်မိသော သဘင်သည်မိန်းမဟာ မြေကြီးထဲသို့မရောက်မချင်းအထိ မြိုင့်ရဲ့မျက်နှာကို စူးစိုက်စွာ ကြည့်ခဲ့သည် ။ မြိုင်ရဲ့မျက်ဝန်းထဲမှာ ထိုပုံရိပ်ဟာ ပျောက်ကွယ်မသွားပေ ။ မြိုင် အသက်ရှင်နေသည့်အချိန်အထိ လိုက်နှောက်ယှက်နေမည့် ပုံရိပ်ဆိုး ၊ အတိတ်ဆိုး ဖြစ်နေလိမ့်မည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now