အခန်း-(၄၂)

3.1K 348 15
                                    

(Unicode)


ယုန်ကိုဆင်သောကျော့ကွင်း၌ကျားကိုမိခြင်း(၃)

လီဝူရှင်း ပိုင်ရွှယ်ကိုစီးနင်းလျက်
ရှဲ့အိမ်တော်သို့ရောက်ရောက်ချင်း ရှဲ့ရဲမက်များ၏တားဆီးခြင်းကိုခံလိုက်ရသည်။ ရှဲ့မျိုးနွယ်များ၏သတ္တိမှာအတော်ကြီးမားဟန်ရှိ၏။ ရန်ချင်းဝမ်မှန်းသိနေလျက်နှင့် ရှဲ့အိမ်တော်သို့ခြေချခွင့်လုံးဝမပေးပေ။ သို့သော် လီဝူရှင်း၏အေးစက်ကာမှောင်မိုက်နေသောအရှိန်အဝါကိုမြင်ရသည့်အခါ ရှဲ့မျိုးနွယ်အိမ်တော်မှရဲမက်များမှာ ကြောက်ဒူးတုန်လာရပြီး ကောင်းကောင်းပင်မတ်တပ်မရပ်နိုင်တော့သလိုခံစားလာရသည်။ လီဝူရှင်း၏မျက်လုံးများမှာမှောင်မိုက်နေခဲ့ပြီး သတ်ဖြတ်လိုစိတ်အရိပ်အငွေ့များကကြီးစိုးနေခဲ့သည်။ သို့သော်ရဲမက်များမှာ သူ့ကိုဒီအတိုင်းပေးမဝင်လိုက်နိုင်ပေ။ သူတို့ကအမိန့်အရတာဝန်ထမ်းဆောင်နေရခြင်းဖြစ်ပြီး အမိန့််မနာခံပါက မည်သည်တို့ဖြစ်လာမည်နည်း သူတို့လည်းမသေချာပေ။ ရဲမက်များ၏စိတ်အစုံက ဆုံးဖြတ်ချက်တစ်ခုချရန်ဟိုသည်ကူးသန်းနေချိန်၌ လီဝူရှင်းကဆိုလာ၏။

"အတွင်းဝန်နဲ့တွေ့မှဖြစ်မယ် သူ့ကိုချက်ချင်းသွားပြောပေး"

"ဝမ်ရယ်...ဒါက... "

မဖြစ်နိုင်ဟူသည့်စကားမှာ ခါးထက်မှဓားကိုရုတ်ချည်းထုတ်လိုက်သောလီဝူရှင်းကြောင့်လည်ချောင်းထဲ၌ပင်ပျောက်ရှသွားရသည်။လီဝူရှင်းသည်ကားသူ၏မူပိုင်ခံစားချက်မဲ့သောမျက်နှာထားနှင့်ပင်ရဲမက်များဆီသို့ဓားနှင့်ရွယ်လျက် အေးစက်စွာဖြင့်ဆိုလာခဲ့၏။

"ပန်ဝမ်းနှစ်ခါမပြောဘူး။ အနုနည်းနဲ့သုံးရမလား ဒါမှမဟုတ်အကြမ်းနည်းလား?"

"........"

ရဲမက်များမှာ မြောက်ပိုင်းနယ်စစ်သူကြီး၊ရန်ချင်းဝမ်၏ခြိမ်းခြောက်မှု၌ ခြေမခိုင်ကြတော့ချေ။ ဆောင်းတွင်း၌တုန်ယင်နေသောကြက်ပေါက်စလေးများပမာ အိမ်တော်တံခါးမကြီး၏တစ်ဖက်တစ်ချက်စီသို့လမ်းဖယ်ရှားပေးလိုက်သည်။ လီဝူရှင်းမှာ အနှီရဲမက်များကိုတစ်ချက်မျှပင်မကြည့်တော့ပဲ ဓါးကိုဓါးအိမ်အတွင်းပြန်သိမ်းလျက် အိမ်တော်အတွင်းသို့ခြေလှမ်းကျဲများဖြင့်လျှောက်လှမ်းသွားတော့သည်။ ကျန်ရဲမက်များမှာလမ်းဖယ်ပေးသောရဲမက်နှစ်ဦးကိုအပြစ်ပြောချင်နေဟန်ရှိသော်လည်း ထိုနှစ်ဦးမှာသူတို့အားဂရုစိုက်မနေပေ။ သူတို့ထံ၌ရန်ချင်းဝမ်ကိုရင်ဆိုင်နိုင်မည့်ခေါင်းအပိုတစ်လုံးမပါလာသည်မို့ အားမတန်မာန်လျှော့ရန်သာရှိသည်လေ။အလုပ်ပြုတ်သည်က ခေါင်းပြုတ်သည်ထပ်ပိုသာ၍ကောင်းသေး၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now