အခန်း-(၄၄)

2.7K 335 3
                                    

(Unicode)

"နှောင်းနောင်တ"

ယီကွမ်းတို့လင်းဟွေ့အဆောင်သို့အရောက်အဆင်သင့်စောင့်ကြိုနေဟန်ရှိသော လန်၊ မိအာ၊ပိအာတို့အပြင် သမားတော်ဟုခန့်မှန်းရနိုင်သောလူငယ်တစ်ဦးနှင့်အခြားလူငယ်တစ်ဦးပါရှိနေခဲ့၏။
သမားတော်ဖြစ်ဟန်တူသောအမျိုးသားက ယီကွမ်းထံသို့အပြုံးနုနုနှင့်အတူယဥ်ကျေးစွာနှုတ်ဆက်လာပြီး အပြာရောင်ဝတ်ရုံရှင်အခြားအမျိုးသားကမူ ယီကွမ်းကိုမကျေမနပ်ကြည့်ပြီးမှ မျက်နှာတစ်ဖက်သို့လွှဲသွားပေ၏။

မိအာ၊ပိအာတို့ကမူ လီဝူရှင်းပွေ့ချီထားခဲ့သောယီကွမ်းကိုအမြင်စိုးရိမ်တကြီးပြေးလာခဲ့ပြီး လန်သည်ကား လီဝူရှင်း၏ခြေထောက်နား၌အသံပေးကာခေါင်းကိုတိုးဝှေ့ပွတ်သပ်လျက်ရှိပေ၏။

ယီကွမ်းသည်အဆင်ပြေသည်ဟူ၍ပင်ဟန်မဆောင်နိုင်၊ စကားတစ်ခွန်းပြောရန်လုပ်ဆောင်သည်ကပင် နှုတ်ဖျားမှနောက်တစ်ဖန်သွေးယိုစီးလာရသည်မို့လီဝူရှင်းက လင်းဟွေ့အဆောင်၏အိပ်ခန်းဆောင်ရှိရာသို့ခြေလှမ်းကျယ်များဖြင့်သွားရောက်၍ ယီကွမ်းအား အိပ်ရာထက်၌ ညင်သာစွာချပေးလာသည်။ လီဝူရှင်း၏နောက်၌မူ အဖြူရောင်အဝတ်အစားနှင့်သမားတော်ဖြစ်ဟန်ရှိသောအမျိုးသားကရပ်တည်ကာ ယီကွမ်း၏အမူအရာကိုစူးစမ်းနေခဲ့ပါ၏။

လီဝူရှင်းကမူ ထိုသူ၏စူးစမ်းနေမှု၊အပြာရောင်ဝတ်ရုံရှင်၏မကျေမနပ်မျက်နှာထားကိုဂရုစိုက်မနေပဲ အေးစက်စက်မျက်နှာထားနှင့်သာဆိုလာခဲ့သည်။

"သူ့ကိုကြည့်ပေး"

"ကောင်းပြီ။  ဒါဆို ဝမ်ရယ်ကလွဲလို့ကျန်တဲ့သူတွေအကုန်ထွက်ပေးကြပါ။"

"ငါရော? ငါကဘာလို့သွားရမှာလဲ!?"

"ဖန်းလင်!"

"ကောင်းပြီ။ ကောင်းပြီ!  ဘယ်သူကရော အဲ့တစ်ယောက်ကိုကြည့်နေချင်မှာလဲ!?"

အပြာရောင်ဝတ်ရုံနှင့်တစ်ယောက်မှာသတင်းဥယျာဥ်၏ပိုင်ရှင်ဖြစ်နေမှန်း ယီကွမ်းမှာမထင်ထားခဲ့ပေ။ အတိတ်ဘဝ၌ဖြစ်စေ၊ယခုဘဝ၌ဖြစ်စေ သူကလီဝူရှင်းအားသတင်းအချက်အလက်ပေးပို့ထောက်ပံ့ပေးသောသူကို ရှာဖွေတွေ့ရှိခြင်းမရှိခဲ့သည်ကြောင့် ဖန်းလင်နှင့်လီဝူရှင်း၏ပတ်သတ်မှုကိုလည်းသိရှိခြင်းမရှိပါချေ။ ဖန်းလင်ကဲ့သို့ အရည်အချင်းရှိသောသတင်းပေးတစ်ဦးအားရထားလျင် မည်သည်လျို့ဝှက်ချက်မဆိုဖော်ထုတ်နိုင်သည်မို့ လီဝူရှင်းကအတိတ်ဘဝ၌ အိမ်ရှေ့စံကိုဖိနှိပ်နိုင်ခဲ့သည်ကမဆန်းပေ။ ယီကွမ်းမှာထွက်ခွာသွားပြီဖြစ်သောဖန်းလင်အကြောင်းအတွေးများနေစဥ်၌ လီဝူရှင်း၏စကားသံကသူ့ကိုပြန်လည်အသိဝင်လာစေခဲ့၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now