Part 6

69.5K 5.5K 963
                                    

<Unicode>
ရာဇ် လှံတံကို ကိုင်မြှောက်ထားရင်း တုန်ယင်နေသည့် ကောင်ငယ်လေးကို ကြည့်လိုက်သည်။ကောင်ငယ်လေးက တုန်ယင်နေသည်မှာ တီကောင်ဆားပက်ထားသည့်နှယ် တဆတ်ဆတ်တုန်ယင်နေ၏။မည်းတူး‌နေသည့် မျက်နှာက ကြောင်ချီးကုပ်ရုပ် ပေါက်နေပြီး ညစ်ပေနေသည့် အဝတ်အစားကြောင့် သူဖုန်းစားနှင့် တူသည်။ရာဇ် လှံတံကို မိုးပေါ်ပစ်လိုက်သည်။လှံတံက မိုးပေါ်သို့ စင်္ကြာအလား လှည့်ပတ်ကာ တက်သွားပြီးမှ ဆေးတံအသွင်ပြောင်းသွားကာ အောက်ကျလာသည်။ရာဇ် ဆေးတံကို ဖမ်းလိုက်ပြီး ကောင်ငယ်လေးကို ချန်ထားကာ ထွက်လာခဲ့သည်။

သူရပြည့်စုံ မျက်လုံးလေးကို အသာဖွင့်ကာ အပြင်ကို ချောင်းကြည့်လိုက်သည်။ပန်းခင်းထဲတွင် ဘယ်သူမှမရှိတော့။ရာဇ်ကိုလည်း မတွေ့ရတော့။လေအေးစိမ့်စိမ့်က သူ့ကို ဖြတ်တိုက်သွားသည်။သစ်ပင်ရိပ်တွေကို ငေးကြည့်လိုက်၏။သစ်ပင်ကြီးတွေက ယိမ်းနွဲ့နေသည်မှာ သူ့ကို လှောင်ရယ်နေသည်အလား။စိတ်ထဲအားငယ်လာပြီး ကြောက်ရွံ့စိတ်များတိုးဝင်လာသည်။လောကကြီးအလယ်တွင် သူရပြည့်စုံတစ်ယောက်ထဲ ရှိသကဲ့သို့ အထီးကျန်လာ၏။ဘယ်ကမှန်းမသိသည့် ခွေးအူသံကြောင့် ပိုပြီး ကြောက်ရွံ့လာသည်။

သူရပြည့်စုံ မတ်တပ်ရပ်ကာ အင်္ကျီလက်တွေကို တံတောင်ဆစ်အထိ ခေါက်တင်လိုက်သည်။ထို့နောက်.....မျက်စိမှိတ်ကာ အားကုန် အော်လိုက်သည်။

"ရာဇ် ကျွန်တော့်ကို လာခေါ်!!"

"ရာဇ် ကျွန်တော့်ကို လာခေါ်!!"

"ရာဇ် ကျွန်တော့်ကို လာခေါ်!!"

ထူးခြားသည့်လေတွေက အနည်းငယ်ဝှေ့သီ တိုက်ခတ်သွားသည်ကို ခံစားရသည်။‌လေထုက ပုံမှန်ထက် ပိုပြီးအေးစိမ့်သွား၏။သူရပြည့်စုံ စိတ်ထဲ အားတက်သွားကာ မျက်လုံးလေးဖွင့်ကြည့်လိုက်သည်။

ရာဇ်က သစ်ပင်ကြီးတစ်ပင်ကို မှီကာ လက်ပိုက်လျက် ရပ်နေသည်။ဒီတစ်ခါမှာတော့ ရာဇ်က အဆင်တန်ဆာတွေကို ဆင်ယင်မထားဘဲ အနက်ရောင်သိုရင်းဝတ်စုံနှင့် အနက်ရောင်အောက်ခံကိုမှ ရွှေရောင်ချိတ်လေးတွေပါသော တောင်ရှည်ပုဆိုးကို ဝတ်ဆင်ထား၏။နဖူးသင်းကျစ်ဝတ်ဆင်လေ့ရှိသည့် ဆံနွယ်ရှည်များကိုတော့ ပဝါနှင့် ခေါင်းပေါင်းပေါင်းထားသည်။တွေ့လိုက်တိုင်း ချောမောခံ့ညားစွာ ရာဇဣန္ဒြေပြည့်နေသည်မှာ သိပ်‌ကြည့်ကောင်း၏။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now