Part 20

55.3K 5.1K 790
                                    

ပတ်ဝန်းကျင်တွင် အော်ဟစ်သံများ၊နာကျင်စွာ အံကြိတ်သံများဖြင့် ပွက်လောရိုက်နေသည်။ရာဇ်  အနားကပ်လာသမျှ လူတွေအားလုံးကို ခုတ်ပိုင်းသည်။လူတွေက လက်နက်မျိုးစုံ ကိုင်ထားပြီး ရာဇ်တို့ထံ ပြေးဝင်ကာ တိုက်ခိုက်သည်။ရာဇ် ရန်သူတွေကို ရှောင်ရင်း တိုက်ခိုက်၏။ရာဇ်ရဲ့ လှံတံက မီးတောက်အရောင်အောက်တွင် တလက်လက်။ရာဇ် လှံတံတစ်ခါဝှေ့ယမ်းလိုက်တိုင်း လူငါးယောက်ခန့် အပိုင်းပိုင်းပြတ်သွားသည်။

သူရပြည့်စုံ တခြားလူတွေကို မကြည့်ရဲဘဲ ရာဇ်ကိုသာ ခပ်တင်းတင်းဖက်ထားသည်။ရာဇ် ခန္ဓာကိုယ်မှ မွှေးရနံ့ဖျော့ဖျော့ ရသည်။နွေးထွေးပြီး လုံခြုံရသည့် ခံစားချက်။

ရာဇ် မျက်လုံးတွေက ‌မှောင်မိုက်အေးစက်နေကာ တရစပ်တိုက်ခိုက်သည်။မြို့သူမြို့သားများရဲ့အင်အားမှာ မနည်းလှ။အသေခံကာ ပစ်ဝင်တိုက်ခိုက်သည်။သူတို့က ခြေပြတ်လက်ပြတ်သွားရုံနှင့် မရပ်တန့်။အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားမှ ရပ်သွားကြသည်။လေထုထဲတွင် သွေးနံ့ ချွေးနံ့တို့ ရောထွေးနေပြီး ရက်စက်မှုများက ငရဲအလား။ ‌မြေပြင်တွင် လူသေအပိုင်းအစများ ပုံနေပြီး ထိုအလောင်းပုံ‌ပေါ်တွင် ရာဇ်က သူရပြည့်စုံကို ပွေ့ဖက်ထားရင်း  တိုက်ခိုက်နေသည်။

နရမဏိက ဆူးသွားတွေပါသည့် သံကြာပွတ်တစ်ခုကို ဝှေ့ယမ်းရင်း ရာဇ်တို့ထံပြေးလာနေသည်။နရမဏိ အကြည့်တွေက အေးစက်နေပြီး ဘာကိုမှ သိသည့်ပုံမပေါ်။နရမဏိရဲ့ကြာပွတ်တွင် သွေးအလိမ်းလိမ်း။ရာဇ် မျက်လုံးတွေက စူးရဲသွားပြီး လှံတံကို မြှောက်လိုက်သည်။နရမဏိက ကြာပွတ်ကို ဝှေ့ယမ်းလာ၏။ရာဇ် လှံတံနှင့် ကြာပွတ်ကို တားလိုက်သည်။ကြာပွတ်နှင့် လှံတံထိတွေ့ရာမှာ မီးပွင့်လေးများ တဖွားဖွား။ရာဇ် သူရပြည့်စုံကို တစ်ဖက်က ပွေ့ဖက်ကာကွယ်ထားရ‌တာကြောင့် နရမဏိလို ရန်သူမျိုးနှင့် တိုက်ခိုက်ရသည့်အခါ အနည်းငယ် နှေးကွေးလာသည်။

နရမဏိက အပြင်းအထန်တိုက်ခိုက်ပြီး ရာဇ်က သူရပြည့်စုံကို ကာကွယ်ရင်း ခုခံတိုက်ခိုက်သည်။နရမဏိရဲ့ကြာပွတ်က ရာဇ် လက်မောင်း‌ကို ရိုက်နှက်သွားပြီး ရာဇ် သူရပြည့်စုံကို ဖက်ထားရာမှ လွှတ်သွားသည်။သူရပြည့်စုံ အလောင်းပုံကြီးပေါ်မှ အောက်ကို ပြုတ်ကျသွားသည်။ရာဇ် လက်မောင်းများမှ အသားတွေက လှန်တက်သွားပြီး အရိုးဖြူဖြူကိုပင် မြင်ရသည်။သွေးနက်များမှာ လက်မောင်းရင်းမှ စီးကျလာသည်။ရာဇ် မျက်နှာမှာ နာကျင်မှုကြောင့် သွေးဆုတ်ဖြူဖျော့သွားသည်။သူရပြည့်စုံ လန့်သွားကာ အလောင်းကောင်တွေကို နင်းပြီး အပေါ်ရောက်အောင် ကြိုးစား၍ တက်သည်။အသွေးအသားတွေကို ဖိနင်းရသည်ကို သူရပြည့်စုံ ကြောက်သည်။ဒါပေမဲ့ ရာဇ် နာကျင်သွားမှာကို ပိုကြောက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now