Part 26

48.1K 4.5K 440
                                    

ဘန်း!!

အိမ်တော့်ရှေ့ ခြံတံခါးကြီးက လွှင့်ထွက်သွားသည်။ရာဇ်တစ်ကိုယ်လုံး သွေးတွေရွှဲနှစ်နေပြီး မြင်းညိုကြီးပေါ်မှနေ၍ ဓားကို ဆုပ်ကိုင်ထားသည်။ရာဇ် ဓားကို ဝှေ့ယမ်းကာ အိမ်တော်ဝန်းထဲ ကြမ်းကြမ်းတမ်းတမ်းဝင်ရောက်လာသည်။ရာဇ် မျက်နှာပြင်တစ်ခုလုံးက အေးစက်မှောင်မိုက်နေပြီး ဆံပင်တွေက ဖားလျားကျနေသည်။ရာဇ် မျက်နှာပြင်တစ်ခုလုံး သွေးစွန်းနေသည်။

ရာဇ်အကြည့်တွေက မီးကျွမ်းနေသည့်ငွေရာဇ်ရဲ့ရုပ်အလောင်းထံရောက်သွားပြီး အသိစိတ်တွေက အမှောင်ထုထဲ ကျသွားသည်။ရာဇ် နှုတ်ခမ်းတွေက တုန်ယင်လာပြီး

"ညီ ညီတော်..."

ထို့နောက် စကားလုံးတွေက ထွက်ကျမလာတော့။ရာဇ် တစ်ကိုယ်လုံးမှ သွေးတွေက ပွက်ပွက်ဆူလာပြီး ရူးသွပ်သွားတော့မည့် အနေအထားကို တွန်းပို့နေသည်။

ရာဇ် မြင်းညိုကြီးဇက်ကြိုးကို ခပ်တင်းတင်းဆွဲလိုက်ပြီး အိမ်တော်ဝန်းအတွင်းရှိ စစ်သည်တွေအားလုံးကို နတ်ဆိုးတစ်ကောင်လို တိုက်ခိုက်ခုတ်ပိုင်းသွားသည်။သွေးတွေက ပန်းထွက်‌နေပြီး ရာဇ်မျက်လုံးတွေက ‌သွေးချင်းချင်းနီနေ၏။ရာဇ်ရဲ့နားထင်သွေးကြောတွေက တဒုတ်ဒုတ်ခုန်နေပြီး ' သတ်မယ် အားလုံးကို သတ်ပစ်မယ်' လို့ အော်ဟစ်နေသည်။လေထုထဲတွင် ညှီစို့စို့ညှော်နံ့၊သွေးနံ့နှင့် ပြာမှုန်လေးတွေက သိပ်သည်းနေသည်။‌

စစ်သည်တွေကို သတ်ဖြတ်သွားသည်မှာ မျက်စိတစ်မှိတ်စာအချိန်အတွင်းပင်။စစ်သည်တွေအားလုံးက ‌လဲကျသေဆုံးသွားပြီး ရာဇ် မြင်းညိုကြီးပေါ်မှ ခုန်ဆင်းသည်။ရာဇ်ရဲ့ဓားရိုးတွင် သွေးတွေ စိုစွတ်နေသည်။ရာဇ်တစ်ကိုယ်လုံးတွင် သွေးညှီနံ့ထောင်းထောင်းထနေပြီး လူသတ်ငွေ့များက ရာဇ်ဘေးပတ်ပတ်လည်တွင် ဝန်းရံထားသည်။ရာဇ် ငွေရာဇ်ထံပြေးသွားကာ ဒူးထောက်ချလိုက်ပြီး ငွေရာဇ်ကို ပွေ့ဖက်လိုက်သည်။ငွေရာဇ်ရဲ့အသွေးအသားတွေအကုန်လုံးက မီးကျွမ်းနေပြီး အရိုးစုကြီးက မီး‌သွေးခဲအတိုင်း တောင့်တင်းခြောက်ကပ်နေသည်။မီးလောင်ကျွမ်းထားသည့်အရှိန်ကြောင့် ငွေရာဇ်ရုပ်အလောင်းက မီးခဲပမာ ပူပြင်းနေသေးသည်။ရာဇ် ပွေ့ဖက်လိုက်သည့်အခါ ရာဇ် လက်ဖဝါးတွေ အပူလောင်သွားသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now