1K 115 38
                                    

အဲ့နေရာမှာ ဘယ်သူပဲဖြစ်နေပါစေ မင်းအသက်လောက်အရေးမကြီးဘူးဆိုတာ စွဲနေအောင်မှတ်ထား ဆောင်းဟန်ဘင်း
________________________________________
'ခွပ်!'

လည်ထွက်သွားသည့် မျက်နှာနှင့်အတူ နှုတ်ခမ်းထောင့်မှ ငံကျိကျိအရသာကို ခံစားလိုက်ရပေမယ့် နည်းနည်းမျှ မလှုပ်ရဲပါဘဲ ရပ်ထားသည့် ပုံစံအနေအထားသို့ပြန်ရပ်လိုက်မိသည်။

လက်နှစ်ဖက်ကို အနောက်သို့ပစ်ထားပြီး သတိအနေအထားဖြင့် ရပ်နေရင်းမှာပင် အရှေ့မှ ခပ်စူးစူးစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံ​၏အကြည့်အား မခံနိုင်စွာ မျက်လွှာကို ချလိုက်မိသည်။

"အဲဒီ့မိန်းမကို ကယ်ခဲ့ရတဲ့အကြောင်းအရင်းကို ပြော"

သွားကြားထဲမှ ကြိတ်ကာ ထွက်ပေါ်လာသည့် စကားသံ​၏ အရှိန်အဝါဟာ ကျောရိုးထဲစိမ့်အေးသွားဖို့အထိ လုံလောက်သည့်အခါ မတ်ထားသည့်ခါးအား ပိုလို့ပင်တောင့်လိုက်မိသည်။

မေးခွန်းအားဖြေရန် ပါးစပ်ပြင်လိုက်ပေမယ့် ဦးနှောက်​၏ ခပ်မြန်မြန်စေခိုင်းမှုအား မလိုက်နိုင်သည့် နှုတ်ခမ်းတွေဟာ အာစေးမိနေသည့်အတိုင်းပင်။

"ကိုယ့်ကိုကြည့်ပြီး ဖြေ"

မာတင်းနေတာမျိုးမရှိတဲ့ ထိုအသံဟာ ထိုသူ​၏ ပုံမှန်လေသံဖြစ်ပေမယ့် မမြင်ရပါသည့် ဒေါသတစ်ချို့က တိတ်တဆိတ်ပင် ခိုအောင်းနေသည်အား အလိုလိုခံစားမိတဲ့အခါမှာ နောက်ပစ်ထားပါသော လက်နှစ်ဖက်အား မသိလိုက်ခင်မှာပင် ပိုတင်းလို့ ယှက်ပစ်လိုက်မိသည်။

ထို့အပြင် ထိုသူ​၏ မလွန်ဆန့်ဝံ့ပါသော စကား​၏အရှိန်အဝါဟာ သူ့အတွက်တော့ အမိန့်တစ်ခုအလား။ချက်ချင်းပင် ချထားမိသည့် မျက်လွှာအား ပင့်ကြည့်မိသည့်အခါ ကျုံ့ထားသော မျက်ခုံးတွေနှင့်အတူ စူးစူးရဲရဲစိုက်ကြည့်နေသည့် မျက်ဝန်းတွေနှင့်စုံသွားတာကြောင့် အောက်နှုတ်ခမ်းအတွင်းသားတွေအား ကိုက်ခဲလိုက်မိသလို အောက်စီဂျင်တွေပင် နည်းသွားသလို ခံစားလိုက်ရသည်။

"ကိုယ်က မေးရင် ဖြေမှသဘောကျတာ သိတယ်မလား ဆောင်းဟန်ဘင်း!"

နာမည်ပါ တပ်ခေါ်လာတဲ့အခါမှာ ဆောင်းဟန်ဘင်းက ဦးနှောက်ကိုအပြေးအလွှားအလုပ်ပေးမိပေမယ့် တိကျသပ်ရပ်လွန်းပါသော ဆောင်းသခင်ငယ်လေးဟာ ထိုသူ​၏ ရှေ့မှာတော့ဖြင့် ယောက်ယက်ခတ်နေခဲ့သည်။

𝘚𝘪𝘯 𝘧𝘳𝘰𝘮 𝘵𝘩𝘺 𝘭𝘪𝘱𝘴Where stories live. Discover now