အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း

372 83 2
                                    

『Unicode』

ပြန်လှည့်မကြည့်နဲ့

ဒါက တကယ်ကြီး ရှန်ချောင်ရဲ့လှောင်အိမ်ဖြစ်နေခဲ့တာပဲ ။

ဝမ်းရှီ တွေးလိုက်မိ၏ ။

ဤအိမ်ကို ရင်းနှီးနေပြီး ငယ်ငယ်က နေထိုင်ခဲ့သော အိမ်မျိုးနှင့်တူသည်ဟု ရှချောင်ပြောခဲ့သည်မှာ မဆန်းတော့ချေ ။ သည်နေရာ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ရှချောင်ကလေးဘဝက မြင်မက်ခဲ့သော အိပ်မက်များအလား ခပ်ဆင်ဆင်ခံစားနေရသည်မှာလည်း အံ့ဩစရာမရှိတော့ ။

ဤအဘိုးအိုက ရှန်ချောင်ပင် ၊ သို့တိုင် ဝမ်းရှီသည် ဒီတစ်လျှောက်လုံး သူ့ကို လုံးဝမမှတ်မိခဲ့ ။

အဘိုးအိုတွင် မျက်နှာအစိတ်အပိုင်းများမရှိသလို ဝိုးတဝါးမျက်နှာသွင်ပြင်သာ ရှိသောကြောင့် ဖြစ်နိုင်သည် ၊ သို့တည်းမဟုတ် သူ့မှတ်ဉာဏ်ထဲရှိ ရှန်ချောင်က လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပုံရိပ်အတိုင်း ရပ်တန့်နေဆဲဖြစ်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏ ။

သူသည် အိုမင်းနေသော ရှန်ချောင်ကို မမြင်ဖူးခြင်း မဟုတ်သော်လည်း ရှပ်တိုက်လျှောက်နေသော ခြေလှမ်းများနှင့် အသံခပ်တိုးတိုးဖြင့် သည်လူအိုကြီးက ဦးထုပ်အဝိုင်းလေးကို ဆောင်းထားတတ်သည့် နူးညံ့ချောမောသော လူငယ်လေးနှင့် လားလားမျှမဆိုင်ဟု သူ ဆက်တိုက်ခံစားမိခဲ့ရုံသာ ။

အဝတ်ဘီရိုထဲမှ ရုတ်တရက် အသံတစ်သံထွက်ပေါ်လာခဲ့သည် ။ ဝမ်းရှီသည် အသိပြန်ဝင်လာပြီး ဘီရိုထဲမှ တစ်စုံတစ်ယောက်၏ သေးငယ်တိုးလျသော ခေါ်သံကို ကြားလိုက်ရလေ၏ ။

ထိုအသံမှာ အနည်းငယ် အက်ရှနေကာ တစ်ယောက်ယောက်ကို ထိတ်လန့်တုန်လှုပ်သွားစေမိမည်ကို စိုးထိတ်နေသည့်အလား ။ "အဘိုး ? "

တစ်ခဏအကြာတွင် ဘီရိုတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ပျော့ပျော့အိအိအရုပ်လေးက ဘေးဘက်သို့ မလှုပ်မယှက် ပြုတ်ကျလာသည် ။ ထိုအရုပ်၏မူလနေရာတွင်တော့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ရှိနေ၏--ရှချောင်ကိုယ်တိုင်ပင် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now