အပိုင်း ၂၁ : ဒဏ္ဍာရီလာ

303 72 6
                                    

[Unicode]

မင်း ဗိုက်ဆာနေပြန်ပြီလား ?

ကျိုးရွှိတစ်‌ယောက် မူးမေ့လဲတော့မတတ်ဖြစ်နေသည့်အချိန် သူ့ထက်ပင်ပို၍ မူးမေ့ယိုင်လဲမတတ်ဖြစ်နေသော အသံက မလှမ်းမကမ်းမှ ပျံ့လွင့်လာ၏ ။ "ဝေါ့---"

သူလှည့်ကြည့်လိုက်သောအခါ နံရိုးကိုက်နေသော အဘွားအိုက အမှိုက်ပုံးကိုကိုင်ကာ မည်သူထက်မဆို ပိုပိုသာသာ အော့အန်နေသည်အား မြင်လိုက်ရသည် ။

ကျိုးရွှိ : "?"

အဘွားအို၏ ပလတ်စတစ်နေ့လယ်စာထမင်းဘူးမှာ ကြမ်းပြင်ထက် ပြုတ်ကျသွားပြီး အထဲရှိ အစားအစာများက နေရာအနှံ့ မှောက်ကျပြန့်ကျဲကုန်သည် ။

အသားပြုတ်ရည်နှင့် ရောယှက်နေသဖြင့် ဆန်တစ်စေ့ချင်းစီက ကြည်လင်နေကာ အချဥ်ရည်အနည်းငယ်ကလည်း ‌ပျော်ဝင်နေလျက် ပြင်းပျမွှေးကြိုင်သောရနံ့တစ်ခုကို ထုတ်လွှတ်နေပြီး ။ ထိုအနံ့က လူတိုင်းကို ဆာလောင်မှုကြောင့် လက်များတုန်ရီသွားစေကာ တစ်ချိန်တည်းမှာပင် အနည်းငယ် ရွံရှာပျို့အန်ချင်စိတ် ဖြစ်‌ပေါ်လာစေ၏ ။

အပိုင်းပိုင်း ခုတ်ထစ်ထားသောနံရိုးများက ဆီများဖြင့် ရွှဲပြောင်နေကာ အရိုးများက နှင်းသဖွယ် ကြွပ်ဆပ်ဖြူစွတ်နေသည် ။ အသားလုံးများမှာ အကြိမ်အနည်းငယ် ပြန်လည်ခုန်ထွက်လာပြီး‌နောက် ကြမ်းပြင်ထက် တလိမ့်လိမ့်ရွှေ့ကုန်သည် ။

အသားလုံးများနှင့်အတူ လိမ့်လာသည်က ရိုးစင်းသော ရွှေလက်စွပ်တစ်ကွင်းပင် ။

ရှချောင်၏ နှုတ်ခမ်းများမှာ ဖြူဖျော့နေပြီး ထပင်ခုန်မိသွားတော့သည် ။

ဤသို့နှယ် အသံမျိုးကို သူအကြောက်ရွံ့ဆုံးပင်--ဂေါ်လီလုံးများ သို့မဟုတ် သတ္တုအရာဝတ္ထုများ ကြမ်းပြင်ထက်သို့ ပြုတ်ကျလိမ့်ဆင်းသွားသော အသံက သူ့နားစည်တည့်တည့်၌ လိမ့်လာသကဲ့သို့ ကြည်လင်ပြတ်သားနေသည် ။

သူသည် ညသန်းခေါင်ယံ၌ မကြာခဏ လန့်နိုးလာတတ်လေ့ရှိပြီး သူ့ဦးခေါင်း အပေါ်တည့်တည့်မှ ထိုအသံထွက်ပေါ်လာသည်ကို ကြားရတတ်ကာ အအိပ်ခက်သောကလေးတစ်ယောက်က အပေါ်ထပ်၌ ဆောင့်ကြောင့်ထိုင်ကာ ဆော့ကစားနေသည့်အလား ။ သို့တိုင် သူ့အိမ်ဒုတိယထပ်တွင် ဧည့်သည်ခန်းအလွတ်များသာရှိသဖြင့် တစ်စုံတစ်ယောက် ရှိနေရန်မှာ မဖြစ်နိုင်ပါချေ ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now