အကို့ ဒိုင်ယာရီ

233 16 0
                                    

ငါးနှစ်တာဆိုတဲ့ ကာလကို ရောက်လာခဲ့ပြီ ညီ။

ကိုယ်ကတော့ အခုထက်ထိ ညီမရှိတော့တာကို လက်တွေ့ဖြစ်ရပ်တစ်ခုလို ခံစားမရနေဘူး။ တစ်ခါတစ်လေကျတော့လည်း...အော် ဟုတ်တယ် ညီမှ မရှိတော့တာဆိုပြီး လက်ခံမိလိုက်တဲ့အချိန်ကျ ကိုယ့်မှာ ပြိုလဲတာပါပဲ။

အချိန်တွေကြာတော့ လူတွေကလည်း ပြောင်းလဲလာကြတယ် ညီ။ သေသောသူ ကြာရင်မေ့ဆိုတဲ့စကားက မှန်တယ်ထင်ပါရဲ့။ ညီ့အကြောင်းပြောတဲ့အခါ မင်းထက်ပိုင်လည်း မျက်ရည်ဝဲမနေတော့ဘူး။ ခိုင်မြဲကလည်း သက်ပြင်းတွေချမနေတော့ဘူး။ ကိုယ်ကတော့ ရင်ဘတ်ထဲက ဆူးနစ်နေအောင် နာကျင်နေတုန်းပေါ့။

မနေ့က ညီ့ရဲ့ ပုံဆွဲစာအုပ်ကလေးကို စာအုပ်စင်ရှင်းရင်းနဲ့ ပြန်တွေ့တယ်။ ဂစ်တာတစ်လက်ရယ် ကော်ဖီတစ်ခွက်ရယ်ကလွဲ ဘာမှမဆွဲထားပေမယ့် ဒီပုံတွေမှာ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာ ကိုယ်တို့အသိဆုံး။

ကွဲသွားတဲ့ဂစ်တာတစ်လက်ကို ညီ့မေမေ မလွင့်ပစ်ခင်အထိ မရမကသိမ်းထားခဲ့ဖူးတယ်ဆိုတာ ညီ့ရဲ့ အကိုပြောပြလို့သိရတယ်။ ကိုယ်တီးခဲ့ဖူးတဲ့ ဂစ်တာပေမယ့် ကိုယ့်ဂစ်တာမှမဟုတ်တာ ညီရယ်။ ဂစ်တာကွဲသွားအောင်လုပ်ခဲ့မိတဲ့သူတွေကိုလည်း ညီခွင့်လွှတ်လိုက်ပြီလို့ထင်ပါတယ်။ ကိုယ်မမှတ်မိတဲ့ အပိုင်းအစသေးသေးလေးတွေအထိ တန်ဖိုးထားခဲ့လို့ ကိုယ်ဝမ်းနည်းရပါတယ်။

ညီနဲ့အတူရှိခဲ့တဲ့အချိန်တွေကို သတိရလို့ ဘန်ကောက်ကို အရင်တစ်ပတ်က သွားဖြစ်ခဲ့သေးတယ်။ တို့နှစ်ယောက်လျှောက်ခဲ့ဖူးတဲ့လမ်းကို တစ်ယောက်တည်းလျှောက်ရတော့ ကိုယ့်မှာ ဒီလမ်းကိုမရောက်ခဲ့ဖူးတဲ့ သူတစ်ယောက်လိုပဲ။

ငါးနှစ်ပြည့်ဆိုပြီး ဘုန်းကြီးကျောင်းကို ဆွမ်းသွားကပ်လိုက်သေးတယ်။ ဝေဟင်ငယ် ဆိုတဲ့နာမည်ကိုခေါ်ပြီး အမျှဝေတာကိုတော့ ကိုယ့်မှာ ရင်ထဲတော်တော်နာရတယ်။

ကိုယ့် အလုပ်အကိုင်လည်းအဆင်ပြေပါတယ်။ မိသားစုကလည်း ကိုယ့်ကို နားလည်ပေးနေကြပါပြီ။ ညီတို့အိမ်ကိုတော့ ကိုယ်သိပ်မသွားဖြစ်ဘူး။ တစ်မျိုးပဲညီ...ညီတို့အိမ်ကိုတော့ ကိုယ်မသွားချင်ဘူး။ အန်တီကတော့ ကိုယ့်ဆီ မကြာခဏ လာလည်တတ်တယ်။ တကယ်ကတော့ ခြံထောင့်က ချယ်ရီပင်ဆီကိုလာတာပါ။ ညီ့ရဲ့ အရိုးပြာမြှုပ်ထားတယ်ဆိုတော့ ညီရှိနေမယ်အမှတ်နဲ့ပေါ့။

ဒီရက်ပိုင်း ညီ့ရဲ့ အရိုးပြာကို မြစ်တစ်ခုမှာ ဒါမှမဟုတ် ပင်လယ်တစ်ခုမှာ သွားမျောပေးမလား။ နေရာတစ်နေရာယူပေးပြီး မှန်ဘောင်လေးထဲမှာ ထားမလားလို့လည်း အန်တီနဲ့ပြောဖြစ်သေးတယ်။ ကိုယ်ကတော့ အခုထိ ပြာမှုန့်ဖြစ်နေတဲ့ ညီရဲ့ဖြစ်တည်မှုကိုတောင် အဝေးမှာထားလိုက်ဖို့ တွန့်ဆုတ်နေလေရဲ့။

အန်တီကတော့ ညီ့ကို လွတ်လပ်ပါစေတော့တဲ့။

ဘာလုပ်သင့်လဲညီ။

ငါးနှစ်တာဆိုတဲ့ကာလမှာလည်း ကိုယ့်မှာ ညီ့ကို တမ်းတနေတုန်းပဲ။ ညီရောက်နေတဲ့အရပ်မှာ ငြိမ်းချမ်းနေပါစေ။ ကိုယ့်ကလေးလေး အလွမ်းတွေနဲ့ဝေးပါစေ။ နာကျင်မှုတွေကင်းပါစေ။

ကိုယ်ကတော့ ချစ်မြဲအတိုင်း လွမ်းမြဲအတိုင်းပေါ့လေ။

#way

A/N
(ငါးနှစ်တာကာလ အရိပ်အယောင်အတွက် အကို့ရဲ့ တမ်းချင်းလေးပါ။ ဖတ်ရင်း လွမ်းရင်း ခံစားနိုင်ကြပါစေ။)

🎉 You've finished reading အရိပ်​အ​ယောင်​ အရိပ်​အ​ယောင် 🎉
အရိပ်​အ​ယောင်​ အရိပ်​အ​ယောင်Where stories live. Discover now