Spoiler Alert 2

1K 143 60
                                    

၂၄ နာရီဆိုင်လေးရဲ့ အရှေ့မှာ ကျွန်တော်တို့ ရပ်နေကြသည်။ အိမ်နားအထိ ဆရာက လိုက်ပို့ပေးမည်မို့ ရင်ဘတ်ထဲမှာ နွေးထွေးလို့ ပြုံးပျော်နေမိပါသည်။

"ဒီရက်ထဲ စာတွေ အာရုံမစိုက်တာကို ဆရာ သတိထားခဲ့တယ်။ ပြီးတော့ မင်းရဲ့ အမေကလည်း ဆရာ့ကို တိုင်တယ် ကလေးလေး... မင်းက အချစ်ဝတ္ထုတွေပဲ ဖတ်နေခဲ့တာဆို"

လမ်းကြားလေးထဲမှာ မီးရောင်မှိန်မှိန်လေးသာ ရှိပါသည်။ ဝါကျင်ကျင်မီးရောင်လေးက ဆရာ့ မျက်နှာလေးကို ထိုးထားသည်မို့ ထင်ထင်ရှားရှား မြင်နေရ၏။

ကျွန်တော့်ဆီက ပြန်ဖြေသံ မကြားရသည်မို့ ဆရာဟာ သက်ပြင်း တိုးသဲ့သဲ့လေး ချလိုက်ပါသည်။

"ဆယ်ကျော်သက် အရွယ် လူငယ်ဘဝမှာ အရာရာတိုင်း လွတ်လပ်ခွင့်ရှိပါတယ်။ ပြီးတော့ လွတ်လပ်ခွင့်က အတိုင်းအတာ တစ်ခုအထိပဲ ရှိတယ် ကလေးလေး... ရင်မခုန်ရဘူး၊ မချစ်ရဘူးလို့ ပြောနေတာ မဟုတ်ဘဲ ရင်ခုန်တယ်ဆိုတာကလည်း တစ်ဖက်လူက ဘယ်လိုလူမျိုးလဲ ဆိုတဲ့အပေါ် မူတည်ပါသေးတယ်။ နှလုံးသားနဲ့ အရာရာတိုင်းကို ဆုံးဖြတ်လို့ မရဘူး။ ဦးနှောက်ကိုလည်း ထည့်စဉ်းစားရမယ်။ ဒီလိုပဲ ချစ်တယ်ဆိုတာကလည်း ချစ်ဖို့ သင့်တော်တဲ့သူ ဟုတ်ရဲ့လားလို့ ပြန်မေးကြည့်ရမယ်။ ဆရာ ပြောတာကို နားလည်ရဲ့လား ကလေးလေး..."

လျှောက်လှမ်းနေသည့် ကျွန်တော့် ခြေလှမ်းတွေ ရပ်တန့်သွားတော့ ဆရာကလည်း ရပ်လိုက်ပါသည်။ ထို့နောက် မျက်နှာချင်းဆိုင်ရင်းမှ ကျွန်တော့် မျက်ဝန်းတွေကို လိုက်ကြည့်ပါသည်။

"လာမယ့်နှစ်က အထက်တန်း နောက်ဆုံးနှစ်ပါ။ ဒါပြီးရင် မင်းဘဝအတွက် အဆုံးအဖြတ်ပေးမယ့် နေရာဆီ သွားရတော့မှာ... နှလုံးသားရေးရာတွေနဲ့ အချိန် ကုန်မနေဘဲ ကိုယ့် ရည်ရွယ်ချက်ကိုသာ အကောင်အထည်ဖော်ဖို့ စတင်သင့်ပြီလို့ ဆရာ ထင်တယ်"

"ကျွန်တော် တောင်းပန်ပါတယ်"

"ချစ်မိလို့ တောင်းပန်စရာ မလိုပါဘူး... ပြီးတော့ မရနိုင်မယ့် မေတ္တာတွေကို ငေးမောပြီး မနာကျင်ချင်စမ်းပါနဲ့။ မင်းတို့ ကလေးတွေ အားလုံးက ဆရာ့ တပည့်တွေပါပဲ။ ဆရာ့ တပည့်တွေကို တန်ဖိုးထားပြီး ဖြူဖြူစင်စင် ချစ်ရပါတယ်"

Kissing In The Moonlight [Completed]Where stories live. Discover now