အခန်း (၂)

1.5K 113 21
                                    

အခန်း (၂)

လမ်းတွင် တွေ့သော သူများကို လင်းမာန်ခ ယခု ဘယ်နှခုနှစ် ဖြစ်ကြောင်း လိုက်မေးမိသည် ။
အားလုံးက လင်းမာန်ခ ကို ငပေါ တစ်ကောင် ဟူသော အကြည့်မျိုးဖြင့် ကြည့်ကာ ပြန်ဖြေကြသည် ။

" မင်းအိမ်မှာ ပြက္ခဒိန် မရှိဘူးလားကွ... အခုက ၂၀၀၃ ခုနှစ်လေ... "

ဦးလေးကြီးတစ်ယောက်၏ ဘုဆတ်ဆတ် အဖြေ ဖြစ်သည် ။

" ရုပ်ကလေး သနားကမားနဲ့ ကျပ်မပြည့်တဲ့ မေးခွန်းတွေ လာမေးနေတာလား... ၂၀၀၃ ခုနှစ် မဟုတ်လို့ ဘယ်နှခုနှစ် ဖြစ်ရမှာလဲကွဲ့... "

အဒေါ်ကြီးတစ်ယောက်၏ စိတ်မရှည်သံဖြင့် ဖြေလာသော အဖြေပင် ။

တကယ်ကြီး သူ ၂၀၀၃ ခုနှစ်က ကြယ်တွေ ကြွေတဲ့ညကို ရောက်သွားတာလားဟု လင်းမာန်ခ တွေးမိလိုက်သည် ။

ဒီညဆိုရင် ဖေဖေက သူ သဘောကျ နေတဲ့သူနဲ့ ကန်စပ်က အုတ်ခုံမှာ နှစ်ယောက်တူတူ ကြယ်မိုးရွာတာကို ကြည့်ခဲ့တဲ့ ညပဲ မဟုတ်လားဟု လင်းမာန်ခ တွေးလိုက်မိသည် ။
ဟုတ်သည်... ယခုသာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁ရက် မှန်သည် ဆိုလျှင်ပေါ့ ။

လင်းမာန်ခ စက်ဘီးကို သူတို့မြို့၏ ကန်တော်ကြီး ဆီသို့ ဦးတည် နင်းသွားလိုက်သည် ။
ကန်တော်ကြီး၏ ကန်အစပ်မှ အုတ်ခုံတန်းကလေးများမှ တစ်ခုတွင် သူ့အဖေနှင့် ထိုသူတို့ အတူ ရှိနေကြမည် ။

လင်းမာန်ခ ကျောပိုးအိတ်ထဲမှ ဖေဖေ့ ဒိုင်ယာရီ စာအုပ်ကို ဖွင့်ကြည့်လိုက်သည် ။
စာအုပ်ကြားထဲမှ ဓာတ်ပုံလေး ထွက်လာသည် ။
ဖေဖေနှင့် ထိုသူတို့ အတူတူ တွဲရိုက်ထားကြသော စတစ်ကာပုံ ဖြစ်သည် ။
စတစ်ကာကို မခွာဘဲ စာအုပ်ကြားထဲ ထည့်ထားခြင်း ဖြစ်သည် ။

ထိုကာလများဆီက စတစ်ကာဓာတ်ပုံများ ခေတ်စားခဲ့ကြောင်း မေမေ တစ်ခါပြောဖူးသည်ကို လင်းမာန်ခ သတိရလိုက်သည် ။
ထို ဓာတ်ပုံ၏ အနောက်တွင်မူ စာရေးထားသည် ။

" ထွန်းမာန်ဆင့် နှင့် ကျော်ထွဋ်ခေါင်... အခင်ဆုံး သူငယ်ချင်း နှစ်ယောက်... ၁၅.၁၂.၂၀၀၃...  "

အံမယ်... ငါ့အဖေလည်း ပလီတာနော်... ဓာတ်ပုံ အနောက်မှာ ရေးထားတဲ့ စာက အခင်ဆုံး သူငယ်ချင်း နှစ်ယောက် တဲ့လား ။
ဓာတ်ပုံထဲမှာတော့ အခင်ဆုံး သူငယ်ချင်း လို့ ရေးထားပြီး ဒိုင်ယာရီထဲမှာကျတော့ ဦးကျော်ထွဋ်ခေါင်ကို ချစ်ကြောင်း ကြိုက်ကြောင်းတွေ အများကြီး ရေးထားပြီး​တော့ ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now