အခန်း (၂၅)

663 68 24
                                    

အခန်း (၂၅)

ညဆယ့်တစ်နာရီကျော်မှ ကိုထင်လင်း ပြန်ရောက်လာသည် ။
လင်းမာန်ခ ဆိုင်ကယ်သံ ကြားကတည်းက သိသော်လည်း မသိချင်ယောင်ဆောင်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်သည် ။
တကယ်လည်း သူ မအိပ်ချင်သေး ။
ကိုထင်လင်း ကို စိတ်ဆိုးသလို ဟိုရွှေမှုံမနဲ့ တစ်ညလုံး အတူရှိမှာကိုလည်း သူ့စိတ်ထဲ သဘောမတွေ့နိုင် ဖြစ်နေသေးသည် မဟုတ်လား ။

ကိုထင်လင်း က တံခါးကို ဖွင့်လိုက်သံကို သူ ကြားလိုက်ရသည် ။
ထိုအသံကို ကြားမှပင် လင်းမာန်ခ က စောင်ကို ခေါင်းအထိပါ ခြုံလိုက်သည် ။
တော်ကြာ သူ့ကို လာနှိုးနေဦးမည် ။

" ဟေ့... လင်းမာန်ခ... အိပ်နေပြီလား... "

ကိုထင်လင်း က သူ့ကို တစ်ချက်လှုပ်ပြီး နှိုးသည် ။
သူ ဆက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည် ။

" ဟေ့... ငါပြန်လာမယ် မအိပ်နဲ့ဦး ပြောထားတယ်လေ... ဘာလို့ အိပ်နေရတာလဲ... "

ကိုထင်လင်း က သူ့ကို နောက်တစ်ကြိမ်လှုပ်နှိုးလာပြန်သည် ။
နှစ်ကြိမ် လှုပ်နှိုးပြီးနောက် စိတ်မရှည်ပုံဖြင့် သူ့စောင်ကို ဆွဲလှန်လိုက်သည် ။
ထိုအခါတွင်တော့ သူ ဆက်ပြီး အိပ်ချင်ယောင်ဆောင်၍ မရတော့ ။

" ဘာဖြစ်နေတာလဲ... ကျွန်တော် အိပ်နေပြီဟာကို... "

" ဒီမှာ မင်းအတွက် ဝယ်လာတာ ထစားဦး... မုန့်တီက မရတော့လို့ ဝက်ကုန်းဘောင် ဝယ်လာတယ်...  "

" ကျွန်တော် ဗိုက်မဆာတော့ဘူး... ခင်ဗျားဟာ ခင်ဗျား ပြန်ယူသွားလိုက်... ကိုယ့်ဘာသာစား... "

" ငါက ရွှေမှုံနဲ့ စားခဲ့ပြီးပြီလေ... "

" အဲ့တာဆိုလည်း ခွေးသာကျွေးလိုက်တော့ဗျာ... ဂျက်ကီ့ကို ကျွေးလိုက်...  "

သူ စိတ်တိုတိုနှင့် အော်လိုက်သည် ။
ကိုထင်လင်း ရွှေမှုံနှင့် ထမင်းသွားစားသည်ကို သူ ဘာကြောင့် စိတ်ဆိုးနေမိသလို သူ့ကိုယ်သူလည်း နားမလည်နိုင် ။
သူကတော့ သူ့ကိုယ်သူ အပြည့်အဝ move on လုပ်နိုင်ခဲ့ပြီလို့ ထင်ခဲ့တာ ဖြစ်သည် ။

" နေစမ်းပါဦး... မင်း က ဘာတွေ အဲ့လောက် စိတ်တိုနေရတာလဲ... ငါ ရွှေမှုံနဲ့ ထမင်းသွားစားလို့လား...  ဘာလဲ... ငါ့အပေါ် မင်း အခုထိ မဟုတ်တဲ့စိတ်တွေ ထားနေတုန်းပဲလား လင်းမာန်ခ... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now