အခန်း (၁၅)

631 65 2
                                    

အခန်း (၁၅)

သူ့ဖေဖေနှင့် ဦးကျော်ထွဋ်ခေါင် တို့ ထိုင်ကြသော နေရာက သူ အနောက်က ချောင်းမည်ဆိုလျှင် အနည်းငယ် လွယ်ကူသော နေရာမို့ လင်းမာန်ခ ဝမ်းသာသွားရသည် ။
အင်း... သူ့အဖြစ်က သူများအတွဲကို လိုက်ချောင်းနေတဲ့ လူလိုပါပဲလား ။
သူ့ဖေဖေကြောင့်သာ မဟုတ်လျှင် ဒီလို အတွဲချောင်းသည့် လုပ်ရပ်မျိုး လင်းမာန်ခ ဘယ်သောအခါမှ လုပ်လိမ့်မည် မဟုတ်ပေ ။

" ထွဋ်ခေါင်... ငါ့ကို စိတ်ဆိုးနေတာလားကွာ... "

ထွန်းမာန်ဆင့် က မေးလိုက်တော့ ကျော်ထွဋ်ခေါင် က ခေါင်းယမ်းကာ စိတ်မရှည်သည့် အသံဖြင့် ပြန်ဖြေသည် ။

" ငါက မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲ... မင်းနဲ့ ငါနဲ့က ဘာဆိုင်တာ မို့လို့လဲ... "

ကျော်ထွဋ်ခေါင် အသံက စိတ်မဆိုးဘူး ဟုသာ ဆိုသော်လည်း စိတ်ဆိုးနေမှန်း သိသာလှသည် ။

" မသိဘူးလေကွာ... ဟိုကောင် ထွန်းမောင် ပြတဲ့ ပုံကို ကြည့်ပြီးထဲက မင်းမျက်နှာ အဲ့လို ဖြစ်နေတာလေ... အခု ပွဲလာဖို့ကိုတောင် ငါ မင်းအိမ်မှာ အတင်းလာခေါ်လို့ မင်း လိုက်လာတာ မဟုတ်လား... "

" ပုံ... ဘာပုံလဲ ... ငါက ဘာပုံကို ကြည့်ပြီး စိတ်ဆိုးရမှာလဲ... "

ကျော်ထွဋ်ခေါင် က အရွဲ့တိုက်သော လေသံဖြင့် မေးလာခြင်း ဖြစ်သည် ။
ထိုသို့ မေးလာကတည်းက ထို ပုံက အဓိက ပြဿနာ ဖြစ်မည် ဆိုသည် ကို လင်းမာန်ခ ရိပ်မိလိုက်သည် ။

" ငါနဲ့ နှင်းယမုံ နဲ့ နှစ်ယောက်တွဲပုံလေ... အဲ့ပုံကို မြင်ပြီးထဲက မင်းငါ့ကို စိတ်ဆိုးနေတယ်လို့ ငါခံစားနေရတယ်... "

ကျော်ထွဋ်ခေါင် က ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေသည် ။
ထွန်းမာန်ဆင့် တစ်ယောက် မနေနိုင်ဘဲ ဆက်၍ ရှင်းပြရပြန်သည် ။

" အဲ့တာလေ... ရေတံခွန်မှာ နှင်းယမုံ ချော်လဲမလို ဖြစ်တော့ ငါက ကူပြီး ထိန်းပေးလိုက်တာ... နှင်းယမုံ က ငါ့ရင်ခွင်ထဲကို အရှိန်မထိန်းနိုင်ဘဲ ကျသွားတာကွာ... အဲ့တာကို အဲ့ ခွေးကောင် ထွန်းမောင် က သူ့ကင်မရာနဲ့ လက်တည့်စမ်းပြီး အမိအရ ရိုက်လိုက်တာကွာ... သူက တမင် နောက်ပြောင်ချင်လို့ ရိုက်လိုက်တာပါ... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now