Part-11

22.1K 1.8K 22
                                        

Zaw Gyi
ညကနှင့်မတူ သာယာသည့်အသံဖြင့် တကျိကျိအော်မြည်နေသည့်ကျေးငှက်တော်သံများနှင့်အတူ ဘုန်းနိုးထလာရသည်။ အိပ်ပျော်နေဆဲဖြစ်သည့်ရင်ခွင်ထဲက ဂုဏ်အား မနှိုးချင်ပေမယ့်လည်း ဆက်သွားရမည့် ခရီးကရှိသေးသလို... ဖုန်းလဲသွားရှာရဦးမည်။ မယ်မယ်ရော....ဘာသတင်းမှမကြားရသည့် ကိုယ့်ကြောင့် ဘယ်လောက်တောင် စိတ်ဒုက္ခရောက်နေရှာမလဲ....။
မင်းခန့်တို့ကရော ကျွန်တော်တို့နှစ်ယောက်ကို လိုက်ရှာနေမည်လား။

" ဂုဏ်... ဂုဏ်ရောင်.... ထတော့ ငါတို့ဒီကနေ နေမထွက်ခင်ထွက်ကြရအောင်..."

ဂုဏ် နိုးလာခဲ့ပေမယ့် ရှုံ့မဲ့နေသည့်မျက်နှာကြောင့် ဘုန်းစိတ်ပူသွားရသည်။

" မင်း ဘာဖြစ်လို့လဲ... အဆင်ပြေရဲ့လား..."

ဘုန်းမှာအစိုးရိမ်တကြီးမေးပေမယ့် ခေါင်းပဲခါပြကာ ဖြေသည့်အသံထွက်မလာ။ ဘယ်လောက်တောင်နာကျင်နေလို့လဲ။ အိပ်နေသည့် ဂုဏ်အားထူမလိုက်တော့ ...

" အား....."

မချိမဆံ့နာကျင်သည့်အသံထွက်လာသည်မို့ ဘုန်းမှာ စိုးရိမ်စိတ်နှင့်အတူ တုန်ယင်လာရသည်။ ဂုဏ် အကျီင်္အားလှန်ကာ ရှာကြည့်ပေမယ့်မတွေ့။ နောင်ကျောဘက်အားလှန်ကြည့်လိုက်တော့... ဘုန်း ဆွံ့အသွားရသည်။ ဒီလောက်နာကျင်နေသည်ကို ညက ဘာဆိုဘာတစ်ခွန်းမှ မဟဘဲ ကိုယ့်ကိုတောင် နှစ်သိမ့်ပေးနိုင်သည့်ဂုဏ်အား ရင်ခွင်ထဲပွေးဖက်ကာ မျက်ရည်ကျမိသည်။ နောက်ကျောတစ်ခုလုံး မြင်ရက်စရာမရှိအောင် ညိုပုတ်ကာ ယောင်ကိုင်းနေလေသည်။ ငါကြောင့် မင်းပါဒုက္ခရောက်ရတာ... ငါကြောင့်။

စကားပင်မပြောနိုင်တော့ဘဲ သတိရတစ်ချက်မရတစ်ချက်ဖြင့်နာကျင်နေသည့်ဒဏ်ကို အလူးအလှိမ့်ခံစားနေရသည့် ဂုဏ်အား ပြန်လှဲချစေကာ ဘုန်း၏ အနွေးထည်ထူထူအားချွတ်ပစ်လိုက်ပြီး ဂုဏ့်အပေါ်လွှမ်းခြုံပေးလိုက်သည်။ ထိုနောက် ဖုန်းရှာရန် ထိုနေရာသို့ အမြန်ပြေးသွားလိုက်မိသည်။ ဒီအချိန်မှာလိုအပ်နေတာ ဂုဏ်ကိုအချိန်မီ ဆေးရုံပို့နိုင်ဖို့။

သစ်ရွက်ခြောက်များ လောင်ကျွမ်းပြီးဖြစ်သော ကားအပိုင်းအစများကြောင့် ဖုန်းကို ဘယ်နေရာမှာမှရှာမတွေ့။ လက်လျှော့ကာ ပြန်လှည့်မယ်လုပ်တော့ 'တီး' ဆိုတဲ့ မြည်သံကြားသည်မို့ အောက်ကိုငုံ့ကြည့်မိသည်။ ဘုန်း ဖုန်းအား နင်းချလိုက်မိသောကြောင့်ထွက်လာသည့်အသံဖြစ်လေသည်။ ဝမ်းသာအားရဖြင့် ဖုန်းအားကောက်ယူလိုက်ကာ ဖုန်းခေါ်မယ်လုပ်တော့ တစ်တိုင်မှမမိသည့်ဖုန်းလိုင်းကြောင့် ဘယ်သူ့ကိုအပြစ်တင်ရမှန်းပင်မသိတော့။

ကမ္ဘာအပြင်ဘက်( COMPLETE)Donde viven las historias. Descúbrelo ahora