သီချင်းတွေကို Studio တွင် စိတ်တိုင်းကျအသံသွင်းပြီးပြီမို့ လာခေါ်မည်ဆိုသည့် ဘုန်းအား စောင့်မျှော်နေမိသည်။ တစ်စတစ်စ အရမ်းရင်းနှီးကျွမ်းဝင်သည့် ပုံစံ လုပ်ပြနေသည့် Rose ကြောင့် စိတ်အိုက်နေရသည်မို့ မြန်မြန်လာခေါ်ရန်သာဆုတောင်းနေမိပေမယ့် မျှော်နေသူက အခုထိပေါ်မလာသေးပေ။
ဘုန်း နဲ့ကျွန်တော် ပြန်ပြေလည်သွားပြီးသည့်နောက်ပိုင်း ကျွန်တော့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုတိုင်းမှာ ဘုန်းက အမြဲပါနေခဲ့သည်။ အိပ်ချိန် အလုပ်လုပ်နေချိန်ကလွဲရင် ..စားလဲအတူတူ သွားလဲအတူတူ။ ဘုန်း မိုးကုတ်ကိုပြန်သွားတဲ့ရက်တွေဆို ကျွန်တော့မှာ နေစရာကိုပျောက်လို့။ နေရာတိုင်းက သူပုံရိပ်တွေနဲ့သာ ကြီးစိုးနေသည်မို့ အစွဲအလမ်းကြီးလွန်းသည့် ကိုယ့်ကိုယ်ကို သာ ထိန်းနေရသည်။
အခုလည်း မိုးကုတ်ကပြန်လာသည့်ဘုန်းအား ပင်ပန်းနေမှာသိနေပေမယ့်လည်း မနားခိုင်းဘဲ လာခေါ်ခိုင်းထားခြင်းဖြစ်သည်။
" ဂုဏ် မပြန်သေးဘူးလား....."
Studio အပြင်ဘက်က ထိုင်ခုံပေါ်မှာထိုင်နေသည့် ဂုဏ် ဘေးနား ပူးကပ်ကာဝင်လာထိုင်သောကြောင့် ဂုဏ် စိတ်ငြီးငြူသွားရသည်။ မြန်မြန်လာမခေါ်သေးသည့် ဘုန်းအား စိတ်တိုလာရသည်။ မင်းဘာလုပ်နေလို့ အဲလောက်တောင် နောက်ကျနေရတာလဲ....ဘုန်းရာ။
" ဘုန်း ကို စောင့်နေတာ ... "
" ဟင် သူက မိုးကုတ်ပြန်သွားပြီဆို..."
" ဒီညနေပြန်ရောက်တာ..."
" ဟယ်..အဲတာတောင် မနားဘဲ ဂုဏ်ရောင် ကိုလာခေါ်မယ်... အရမ်းခင်ကြတယ်နော် ရှင်တို့ နှစ်ယောက်က... Rose ကိုဆို ဂုဏ်က သိပ်မခင်သလိုပဲ..."
စကားပြောရင်း နှင့်မူနွဲ့ကာ ဂုဏ် လက်မောင်းအား လာကိုင်လှုပ်နေသည့် Rose အား အားနာလို့သာ မဆွဲဖယ်မိတာ။ စိတ်ကတော့ တော်တော် အချဉ်ပေါက်နေပြီ။
" ခင်ပါတယ်ဗျာ... ဘုန်းနဲ့က ယောင်္ကျားလေး အချင်းချင်းဆိုတော့ ပိုပြီး တွဲမိတဲ့သဘောပါ..."
" Rose ကိုလဲ ရှင့်စိတ်ထဲရှိတဲ့ အရာရာကို ဖွင့်ဟတိုင်ပင်လို့ရပါတယ်... "
ESTÁS LEYENDO
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
