အချစ်ဆိုသော ထိုအရာ. 31

2.4K 133 2
                                    

အဓိက မေးငေါ့ပြီးညွှန်ပြရာသို့လှည့်ကြည့်ပြီး ဦးကောင်းကြွယ် ဘာဆက်လုပ်ရမှန်းပင်မသိတော့ပေ။ ဟုတ်သားပဲ  အဓိကအိမ်မှာ တာရာရောက်နေတာ ထူးဆန်းတာမှမဟုတ်တာ။သူတို့က.....ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေပဲလေ။

ဒါပေမဲ့ ဒါဟာသူ့ကိုတမင်သက်သက်လူပါးဝ နာမ်နှိမ်နေတာ။ ငါကဘာကိစ္စဒီလိုကောင်မျိုးကို တောင်းပန်ရမှာလဲ။ တောင်းပန်တာမှ ဒူးတောင်ထောက်ရအုံးမတဲ့လား။ သွားစမ်းပါ.....

ခရမ်းချဥ်သီးအပုပ်လို နီရဲရှုံ့တွနေတဲ့ ဦးကောင်းကြွယ်မျက်နှာကြီးကိုကြည့်ပြီး အခြေအနေတွေကို တာရာနားမလည်နိုင်တော့ပေ။ ဘာတွေဖြစ်နေကြတာလဲ။
Boss ကဘာလို့အဓိကရှေ့မှာ ဒီလိုမချင့်မရဲပုံစံနဲ့ မျက်နှာကဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေရတာလဲ။ အဓိကကို အမြဲတမ်းပဲဟိုလိုလုပ်လိုက်မယ် ဒီလိုလုပ်လိုက်မယ်နဲ့ ခြိမ်းခြောက်နေတာမဟုတ်လား။

" boss......အဓိက. ဘာတွေဖြစ်နေကြတာလဲ...."

အိမ်ခန်းထဲကထွက်လာပြီး ဘာမှနားမလည်ရှာသောတာရာ့ကို အဓိကကလှေခါးနားထိသွားကာ လက်ကိုတွဲ၍ခေါ်လာပြီး
ဆိုဖာပေါ်ထိုင်စေလိုက်ရင်း  ဦးကောင်းကြွယ်ကိုမျက်စပြစ်ပြလိုက်ပုံမှာ အိမ်မှာမွေးထားတဲ့ခွေးလေးကို အရိုးသွားယူလို့ပြောနေသည့်အလား။

ဒါပေမဲ့ ဦးကောင်းကြွယ်ကတော့ နေရာမှာပင်ခပ်တောင့်တောင့်ရပ်နေကာ လက်နက်မချနိုင်သေးသည့် စစ်သုံ့ပန်းတစ်ယောက်ပမာ။ သုံ့ပန်းမဖြစ်ခင်တစ်ခဏတာလေးမှာ မာနတွေတင်းတာစစ်သွေးကြွနေသည့်နှယ်။

"ရတယ်လေ.....ဒါဆိုလဲ နောက်နှစ်ရက်နေရင်တွေ့ကြတာပေါ့ ဦးကောင်းကြွယ်... ကောင်းကောင်းပြန်ပါနော်...ခြံဝအထိတော့လိုက်မပို့နိုင်တော့ဘူး...ကျွန်တော့ရဲ့ ကိုကိုက နေကောင်းတော့ တစ်ယောက်ထဲကိုခဏလေးထားခဲ့ဖို့တောင် စိတ်မချနိုင်လို့ပါ...."

ဦးကောင်းကြွယ်မျက်နှာ နီသထက်နီ ပုပ်သထက်ပုပ်လာခဲ့ချေပြီ။ အဓိကရဲ့စကားက လိုက်မပို့နိုင်ဘူးဆိုသည့် ဧည့်ဝတ်ကျေစကားထက် သူ့ရဲ့ကိုကိုဆိုသောဘေးနားကလူသားကို ဘယ်လောက်အလေးထားကြောင်းကို ပိုမိုပေါ်လွင်စေချင်မှန်း သူမသိရအောင်သူကအရူးမှမဟုတ်တာ။

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now