ပတ်ဝန်းကျင်သည် စိမ်းစိုနေသည်။ မနေ့ညက သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့် မြင်မြင်သမျှနေရာတိုင်းက စိမ်းစိုလန်းဆန်း၍ရှိနေခြင်း။ အနီးအနားရှိ သစ်ပင်ပန်းမန်တို့တွင်ပင် ရေစက်ကလေးများက တွဲလွဲခိုနေတော့သည်။
ကောင်းကင်တစ်ခွင်ကား နေရောင်ခြည်မရရှိသေးသည့်တိုင်း လင်းစပြုနေလေပြီ။ မလင်းတလင်း အရှိန်လေးကြောင့် လမ်းမပေါ်ရှိ မခြောက်သေးသော ရေကွက်များ၊ ချိုင့်ခွက်များအားလည်းကောင်း၊ ဗွက်အိုင်များအားလည်းကောင်း မြင်နေရသည်မှာ မိုးရာသီ၏ ပြယုဂ်ဟုသာဆိုကြပါတော့လေ။
"စံလင်း"
သစ်သားအိမ်ခပ်ယဲ့ယဲ့ကလေး၏ ကန့်လန့်ကာမရှိသောအခန်းငယ်လေးအတွင်း ဆကာင်လေးတစ်ဦးအိပ်မောကျနေ၏။ ကောင်လေးက ချည်စောင်ပါးကလေးခြုံရင်း ကွေးနေရှာလေသည်။
"ဟဲ့ စံလင်း ထစမ်း"
အခန်းဝမှ အမျိုးသမီးကား တစ်ဖက်သားအိပ်ပျော်နေသည်လား ဘာလား မကြည့်။ အသားကုန်အော်ဟစ်ရင်း နှိုးနေ၏။
"နင့်အဖေ သေနာပေါ်နေပြီ။ နင့်မှာ ပိုက်ဆံရှိတယ်ဆိုတာငါသိတယ်။ ဘယ်လောက်ရှိရှိပေးလိုက်စမ်းပါ။ ဒီနေ့ ဆေးရုံတင်ရမှာ"
ထိုအမျိုးသမီးက တရစပ်ပြောနေသော်လည်း ကောင်ကလေးမှာ တုပ်တုပ်ပင်မလှုပ်။
"ဟဲ့ ငါပြောနေတာ မကြားဘူးလား။ ထ အခု ထစမ်း"
စိတ်မရှည်စွာ အနားသို့လျှောက်သွားရင်း စောင်ကိုဆွဲဖယ်လေတော့ တအင်းအင်းဖြင့် အဖျားတက်နေသည့် ညည်းတွားသံတို့က တိုးညှင်းစွာ ထွက်လာလေသည်။
"အမလေး အရပ်ကတို့ရဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား။ သောက်ဆံမရှိရတဲ့ထဲ ဖအေက သေနာကျလိုက်၊ သားက သေနာကျလိုက်နဲ့။ ကျွန်မအဖြစ်ကိုလာကြည့်ကြပါဦးလားရှင်၊ လာကြည့်ကြပါဦး"
မဆီမဆိုင် ငုတ်တုပ်ထိုင်ချရင်း ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအသံဖြင့် အော်ဟစ်ငိုယိုနေသော ထိုအမျိုးသမီးကြောင့် သူ ဆက်လည်းအိပ်မရတော့ပါ။
"တောက်..... ခင်ဗျား သောက်ပါးစပ်ပိတ်ထား"
စံလင်းနေမကောင်းဖြစ်နေရာမှ ကမူးရှုးထိုးထထိုင်ရင်း အခန်းထောင့်ကသေတ္တာလေးထဲ သေချာ ဝှက်ထားသည့် စုဗူးလေးအားထုတ်ကာ ထိုအမျိုးသမီးအား ပစ်ပေးလိုက်၏။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️