(၁၂)

11.6K 1.4K 98
                                    

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

အမည်နာမ ကြားသိရုံဖြင့်ဘာသာစကားပန်းတို့
ပွင့်လန်းရာ ဌာနေဖြစ်ကြောင်း သိရှိနိုင်ပေမည်။ တက္ကသိုလ်ရိပ်သာလမ်းမကြီးထက် အထင်ကရနေရာများဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်၊ သမိုင်းအစဉ်အဆက်ရှိခဲ့သည့် ရန်ကုန်တက္ကသိုလ်နယ်မြေ၊  အမေရိကားနှင့် ကိုရီးယားသံရုံးများ၊ ထို့အတူ နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) သည်လည်း ကားလမ်းမကြီးနံဘေးတွင် ထည်ဝါစွာ တည်ရှိနေပြန်သည်။ ကျောင်းဝင်းကြီးသည် တခြားတက္ကသိုလ်များနှင့်ယှဉ်လျှင်တော့ သိပ်မကျယ်လှသည့်တိုင် အဆောက်အဦများကတော့ ခမ်းနားနေဆဲ။

ဆေးဝါဝါတို့ဖြင့် သုတ်ထားသည့် ကန်တင်းပါဝင်သော လေးထပ်အဆောက်အဦးတစ်ခုက ကျောင်းအဝင်ဝတွင် ဘေးတစ်စောင်းအနေအထားဖြင့် ဆီးကြိုနေ​၏။ မျက်နှာချင်းဆိုင်တွင် အဝန်းအဝိုင်းတစ်ခုက သစ်ပင်ပန်းမန်တို့ဖြင့် အုံ့ဆိုင်းစွာရှိနေသည်။ ထူးခြားသည်က ကားပါကင် တစ်ဖြစ်လဲ အလယ်ဗဟိုတွင် အုတ်ခုံဖြင့်ဝိုင်းထားသည့် ကုက္ကိုလ်ပင်ကြီးက ထီးထီးကြီး ရှိနေခြင်းသာ။

ထိုအရာများကျော်လျှင်တော့ ကပ်လျှက်တွင် အဖြူ၊အပြာဖြင့် လှပနေသည့် ISH အဆောင်သစ်ကြီးကလှပစွာတည်ရှိနေလိမ့်မည်။ ISH အရှေ့ဘက်ရှိ လမ်းကလေးကိုဝင်လာမိလျှင်တော့ လမ်းညွှန်ဆိုင်းဘုတ်ကလေးများက အစီအရီဖြင့် သပ်ရပ်နေသည်ကို တွေ့မြင်နိုင်သည်။ တစ်ဖက်တစ်ချက် ပန်းခြံထဲတွင်တော့ ကျောင်းသား၊ ကျောင်းသူများက ဓာတ်ပုံရိုက်သူရိုက်၊ စကားပြောသူပြောနှင့် စည်ကားလျှက် ရှိနေလေတော့သည်။

" ဟို... အစ်ကို... ကျွန်တော်တစ်ခုလောက်မေးချင်လို့"

​လမ်းလေးခွ ဆုံရာ ပန်းခြံအဝိုင်းကလေးရောက်လေတော့ ထိုင်နေသူများထဲမှ ရည်ရည်မွန်မွန်ရှိလောက်မည့်ကောင်လေးကို အားနာစွာဖြင့်သာ မေးမြန်းရတော့သည်။

" အင်း ညီလေး။ ဘာများလဲ"

"တရုတ်မေဂျာက ဘယ်အဆောင်လဲခင်ဗျ"

" Fresher လားညီလေးက"

" ဟုတ်ကဲ့"

" fresher တွေက ဒီဘက်မဟုတ်ဘူး။ ဝင်ပေါက်ကနေ တည့်တည့်ဝင်သွားရမှာ"

ချည်တိုင် [ Philophobia ]Where stories live. Discover now