မနက်ဝေလီဝေလင်း အချိန်ဖြစ်၏။
အပြင်ဘက် ဝန်းကျင်သည်အလင်းရောင်မရှိသေးသည့်တိုင် လမ်းမထက်တွင်တော့ လှုပ်ရှားနေသည့် ပုံရိပ်အချို့က ဟိုမှသည်မှဖြင့်။
စံလင်းတို့ တိုက်ခန်းလေးအတွင်း မီးရောင်မှိန်မှိန်ကလေးထွန်းထားသည်။ ယခုအရွယ်တိုင် မွေးရပ်ဇာတိ ရန်ကုန်မြို့မှအပ မည်သည့်နေရာကိုမှ မရောက်ဖူးသည့် စံလင်းအဖို့ ဤကဲ့သို့ နေ့ချင်းပြန်ခရီိးလေးကပင် စိတ်လှုပ်ရှားဖွယ်အလွန်ကောင်းနေသည်။ ထို့ကြောင့်လည်း အချိန်မတန်ခင်ပင် စောလျင်စွာ နိုးနေခဲ့သည်မို့ စတင်ပြင်ဆင်နေမိခြင်းပင်။
" ဖုန်း၊ ပါဝါဘဏ်၊ နားကြပ်၊ ပိုက်ဆံအိတ်၊ အပေါ်ထပ်အင်္ကျီ၊ ရေဗူး၊ ကော်ဖီ၊ ပီကေ"
လိုအပ်မည့်ပစ္စည်းများကို နှုတ်မှ တတွတ်တွတ်ရွတ်ရင်း အစီအရီသေချာထည့်နေမိသည်။ သွားလေရာမပါမဖြစ်ကျောပိုးအိတ်အတွင်း ပစ္စည်းများရောက်ပြီဆိုသည်နှင့် ရေမိုးချိုး ပြင်ဆင်ရန် အခန်းအပြင်ထွက်ခဲ့တော့သည်။
" ပြည့်ဖြိုးဟန်....ဟေ့ကောင် ငါးနာရ်ီထိုးနေပြီ။ မထသေးဘူးလား။ ပြည့်ဖြိုး"
တံခါးကို ခပ်ကျယ်ကျယ်ခေါက်ရင်း ပြည့်ဖြိုးဟန်ကို နှိုးနေမိသည်။ အတန်းခေါင်းဆောင်ဖြစ်သည့် သူက တခြားလူများထက်နောက်ကျနေလျှင်တော့ အဆင်မပြေသည်ကို စံလင်းသဘောပေါက်သည်လေ။
"ဘာလဲ"
တံခါးဖွင့်လျှင်ဖွင့်ခြင်းပင် မြင်လိုက်ရသည့် ပြည့်ဖြိုးဟန်က ထင်မှတ်မထားမိစွာ ပြင်ဆင်ပြီး၍ သွားရန်အဆင်သင့်ဖြစ်နေပြီ။
" ပြီးတောင်နေပြီလား"
ပုံမှန်ထားနေကျ ဆံပင်နှင့်ကွဲလွဲစွာ ဘေးခွဲ၍ သေချာလေးပုံချထားသည်။ အဖြူစွတ်စွတ် တီရှပ်ကလေးအပေါ် မိုးရာသီဖက်ရှင်လေလားမပြောတတ်သည့် ဟူဒီ အနီရောင်လေးက ပြည့်ဖြိုး၏ အသားအရောင် ခပ်ဖြုဖြူကို ပိုမိုဖြူစေပြန်သည်။ ဂျင်းဘောင်းဘီအကျပ်ကို ရှုးဖိနပ်ဖြင့် ဝတ်ထားသည်ကတော့ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်နှင့် လိုက်ဖက်နေ၏။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️