(၁၀)

12.8K 1.5K 102
                                    

ညဉ့်နက်နက်​၏ မိုးခြိမ်းသံတို့ကား ခြောက်ခြားဖွယ်အတိ။ သန်းခေါင်ကျော်ချိန်ဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခွင်တွင် ဝုန်းဒိုင်းကြဲရွာသွန်းနေသော မိုးသံမှအပ အရာရာတိတ်ဆိတ်လျှက်ရှိနေသည်။ မိုးဥတု​၏အစပထမသည် လျှပ်စီးတဝင်းဝင်းဖြင့် ဆီးကြိုနေသည်မှာ ထူးဆန်းမှုတစ်ရပ်တော့ မဟုတ်ပါလေ။

"ဂျိမ်း"

အခန်းပြတင်းမှဖြတ်ခနဲဝင်လာသည့် လျှပ်စီးက လက်ခနဲလင်းသွားသည်နှင့် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုက မရှေးမနှောင်းထွက်ပေါ်လာသည်။

"ကျစ်"

မိုးအေးအေးတွင် နှစ်ခြိုက်စွာအိပ်မောကျနေသည်မို့ မိမိအားနိုးထစေသည့် မိုးချုန်းသံအား စံလင်း စုတ်တစ်ချက်သပ်လိုက်မိသည်။ ကုတင်နံဘေးပြတင်းတံခါးမှ လိုက်ကာအားလှပ်ကြည့်မိတော့ အပြင်ဘက်တွင် မဲမှောင်လျှက်ရှိနေဆဲ။

တစ်ချက်တစ်ချက် လျှပ်စီးလက်ခနဲဖြစ်သွားသည်ကလွဲ၍အရာရာမှောင်အတိ။ ပုံမှန် မြင်နေကျ လမ်းမဆီမှ မာကျူရီမီးရောင်ပင် မမြင်တွေ့ရသည်မို့ မိုးရွာသည်နှင့်အတူ လျှပ်စစ်မီးလည်း ပျက်လေ့ရှိသည့် အလေ့အထကိုသာ တွေးမိလိုက်တော့သည်။ တစ်ရေးနိုးသည်နှင့် ပြန်အိပ်မပျော်သော မိမိအကျင့်ကြောင့် ခေါင်းအုံးဘေးမှ ဖုန်းလေးတစ်ချက်ယူကာ ဧည့်ခန်းထဲသို့ ထွက်လာမိသည်။ သည်ညတော့ မိုးလင်းပေါက် ဂိမ်းမဆော့ရပါစေနဲ့ဟု ဆုတောင်းရင်း.....

"ကျွီ"

အသံမထွက်စေရန်တံခါးအားဖြည်းညှင်းစွာ ဖွင့်လိုက်မိတော့ မှောင်မှောင်မဲမဲ အိမ်ခန်းက ဆီးကြိုနေပြန်သည်။

"နင့်မေစ....."

​မှောင်မဲနေသည့် အိမ်ခန်းတွင်းမြင်ရစေရန် ဖုန်းက
ဖလက်ရှ်မီးဖွင့်ရင်း ထွက်လာခဲ့သည့်မို့ ဧည့်ခန်းဆိုဖာပေါ်မှ ရုတ်တရက်မြင်လိုက်ရသော အရိပ်မည်းတစ်ခုက စံလင်းကို ထိတ်လန့်စေသည်။

" ပြည့်ဖြိုးလား "

လန့်နေသည့်ကြားမှ မေးသော်လည်း ပြန်ဖြေသံမကြားရသဖြင့် ဖုန်းမီးအား ထိုအရိပ်မည်းဆီသို့သာ ဦးတည်လိုက်သည်။ မှန်သည်။ ဝရံတာကို မျက်နှာမူ၍ ထိုင်နေသော ပြည့်ဖြိုးက ယခုတိုင် စံလင်း နိုးလာသည်ကိုသိရှိပုံမပေါ်သေးပေ။

ချည်တိုင် [ Philophobia ]Where stories live. Discover now