မနက်နေရောင်ခြည်နွေးနွေးအောက်တွင် မျှော်စင်ကျွန်းအတွင်း လာရောက်လည်ပတ်သောလူများ၊ စုံတွဲများဖြင့် စည်ကားလျှက်ရှိနေသည်။ ယမန်နေ့ညက မိုးမိထားသည့်အရှိန်ကြောင့် စံလင်း အနွေးထည် ခပ်ပါးပါးဝတ်ကာ နေရောင်ထဲ ခပ်ဖြည်းဖြည်းလမ်းလျှောက်နေမိသည်။
ချိန်းဆိုထားသည့် ကော်ဖီဆိုင်လေးထဲတွင်တော့ လူများဖြင့်ပြည့်နှက်လျှက်ရှိနေ၏။ လူအနည်းငယ်ရှင်းသည့် ထောင့်ကျကျစားပွဲလေးကိုရွေးကာ ဝင်ထိုင်ရင်း ဇံထူးလာမည့်အချိန်ကိုသာစောင့်နေမိသည်။
"မ... ကျွန်တော့်ကို အဖြေပေးတော့လေဗျာ"
ကျောချင်းကပ်လျက် မျက်စောင်းထိုး တစ်ဝိုင်းကျော်ဆီက အသံတို့က တစ်စွန်းတစ်စပေါ်ထွက်လာသည်မို့ စံလင်းစိတ်ဝင်စားသွားသည်။
"ဟာ မ။ အဲ့ဒါ သက်သက်ညစ်တာပဲ။ ကျွန်တော် ဒီလောက်စောင့်လာတာကိုဗျာ"
မသိမသာ အကဲခတ်မိတော့ သူတို့နှင့်အရွယ်မကွာလှသော ကောင်လေးက အေးဆေးတည်ငြိမ်သော ကောင်မလေးအား အပူကပ်နေခြင်းသာ။ ကောင်မလေးပြောသည့် စကားများက မသဲကွဲသည့်တိုင် အဖြေမပေးသေးသည်ကိုတော့ စိတ်က အလိုအလျောက်သိလိုက်သည်။
သူတို့အရွယ်။ တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက် ဟူသောအရွယ်သည် စိတ်ကစားသော အရွယ်များဖြစ်သည်ဟု သူကြားဖူးသည်။ စံလင်းအနေနှင့် ကျောင်းတက်ခဲ့စဉ်ကာလတွင် စိတ်ကစားဖို့ရာအချိန်မရှိ၊ ငွေရဖို့အရေးသာ အားစိုက်နေခဲ့ရသည်။ ထို့ကြောင့် တစ်ကျောင်းလုံးမဆိုထားနှင့် တစ်တန်းတည်းသား မိန်းကလေးများကိုပင် စေ့စေ့မကြည့်ဖူးခဲ့။ ခေါင်းထဲတွင် ငွေရှာရန်နှင့် ဘွဲ့ရရန်သာ ရှိနေခဲ့သည်မလား။
"စံလင်း"
မတွေ့ဖြစ်တာကြာသောဇံထူးက ကျောင်းတက်စဉ်ကနှင့်မတူ၊ ဆံပင် အညိုရောင်ကလေးဆိုးလိုက်ပြီဖြစ်သည်။ အဖြူအစိမ်းမဟုတ်လျှင် ဘင်ခရာဝတ်စုံဖြင့်သာ တွေ့ရလေ့ရှိသည့် ဇံထူးက ယခုအခါ တီရှပ် အဝါစင်းလေးနှင့် ဘောင်းဘီဒူးဖုံးလေးကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတော့ တစ်မျိုးလေးကြည့်ကောင်းနေပြန်၏။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️