ပုံမှန်လည်ပတ်နေကျ စက်ယန္တရားက တစ်ကြော့ပြန်ရောက်လာသည်နှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုကလည်း မပြောင်းမလဲ ပိတ်မြဲပိတ်နေဆဲ။ မီးပွိုင့်တွင်စီနေကြသည့် ကားတန်းကြီးကို မထီမဲ့မြင်ပြုရင်း စက်ဘီးကလေး ခပ်သော့သော့ နင်းဖြတ်လာခဲ့သည်။
ကားမစီးနိုင်သည့် အခြေအနေကို ဤကဲ့သို့ အချိန်မျိုးတွင် စံလင်း အလွန်သဘောကျ၏။ လူကြီးသူမများပြောသည့် ကိုယ့်အားကိုယ်ကိုးစနစ်က ဤတစ်ချိန်တွင် အသုံးဝင်ဆုံး။ လူဆိုသည့် သတ္တဝါဆိုသည်မှာလည်း ကြံဖန်ဂုဏ်ယူရသည့်နေရာကျ ဉာဏ်ပညာ စူးရောက်ကြသည်မလား။
ရန်ကုန်မြို့၏ စံချိန်တင် လှည်းတန်းမီးပွိုင့်ကို မဖြတ်လို၍ ပြည်လမ်းမကြီးမှတဆင့် စိုက်ပျိုးရေးမှတ်တိုင် B.Ed အတွင်းသို့ စက်ဘီးကလေးချိုးဝင်လိုက်သည်။ မနက်ခင်းအချိန်ဖြစ်သည်မို့ TTC ကျောင်းကားများဖြင့် ပြည့်နှက်နေသော လမ်းကျဉ်းကလေး။ ပညာရေးတက္ကသိုလ်မှ ဆရာ၊ဆရာမ အလောင်းအလျာများနည်းတူ TTC ကျောင်းကြီး၏ ရင်နှစ်သည်းချာကျောင်းသူ၊ ကျောင်းသားများဖြင့် လမ်းကလေးက အဖြူအစိမ်းဝတ်အပြည့်ဖြင့်စည်းကားနေ၏။
ကလင် ကလင်
မိုးတွင်းဖြစ်သည်မို့ ရေကွက်ကလေးများမှ ဘေးလူများကိုစင်မသွားစေရန် စံလင်း သတိထားပြီးနင်းနေရသည်။
" တီချယ်ကြီးရဲ့သားလေ"
ကွေ့လုဆဲဆဲ ဖြတ်ခနဲကြားလိုက်ရသည့် အသံကြောင့် အတွေးတို့က ကျောင်းတော်ကြီးဆီ ပြန်လည်ရောက်ရှိသွားပြန်၏။ မသိမသာ အာရုံစိုက်မိခဲ့သော်လည်း ထိုတဒင်္ဂဆီမှ ပြည့်ဖြိုးဟန်၏ ပုံရိပ်ကို သူယခုထိ ထင်ထင်ရှားရှား သတိရမှတ်မိနေဆဲပါ။
"တီ"
"ကောင်လေး ဘယ်လိုနင်းနေတာလဲ"
"ဆောရီး ဆောရီး ဦးလေး"
အင်းယားလမ်းဆီအထွက် လမ်းမကြီးဆီမတည့်လာနေသည့်ကားကို သတိမမူမိ၍ သူကပင် တောင်းပန်လိုက်ရပြန်သည်။ သီသီကလေးလွဲသွား၍ တော်သေးသည် ပြောရမည်။ သူဆိုတာကလည်း ထိုလူသားအကြောင်းများ တွေးမိလျှင် တမေ့တမော။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️