P_40 (U)

36.1K 4.5K 117
                                    

ဝဏ္ဏအောင် သူငယ်ချင်းကို ခေါ်ပြီး တောင်ခြေနားက အိမ်ကို မိုင်းတို့အုပ်စု ရောက်လာကြ၏။ နယ်မြေခံရဲစခန်းကို အရင်လှမ်းအကြောင်း ကြားထားတာမို့ သူတို့ထက်အရင် ရဲတွေက အိမ်ကို ရောက်နေခဲ့ပါသည်။ သို့သော် ...

"အိမ်ထဲမှာ ဘယ်သူမှ မရှိဘူး ..."

ရဲတွေက သူတို့ကို ပြောလာသည်။ တကယ်ပဲ အိမ်ထဲမှာ ဘယ်သူမှ ရှိမနေခဲ့။ နှစ်ထပ်အိမ်အလွတ်ကြီးက ဒီအတိုင်းပင်။

"ဟေ့ကောင် မင်းလိမ်တာလား ..."

နေရာလိုက်ပြတဲ့ ဝဏ္ဏအောင် သူငယ်ချင်းကို သူတို့ ဝိုင်းပြောတော့ အဲ့ဒီ့တစ်ယောက်သည်လည်း နားမလည်စွာ ဖြစ်နေပုံရသည်။

"မဟုတ်ဘူး ငါမလိမ်ဘူး ငါတို့သူ့ကို ရှာခဲ့ပေးတာ ဒီအိမ်ပဲ သေချာတယ် ...ငါမလိမ်ပါဘူးကွာ ငါတကယ်ပြောတာပါ ..."

"ဒါဆို လူတွေက ဘယ်မှာလဲ ..."

"သူတို့ ထွက်သွားကြတာများလား ..."

အဲ့ဒီ့အချိန်မှာ မိုင်းက အိမ်ကို လိုက်ဝေ့ကြည့်နေခဲ့လေသည်။

"မဟုတ်ဘူး ..."

မိုင်းဆီကနေ အသံထွက်လာ၏။ အကုန်လုံးအကြည့်က သူ့ထံသို့။

"ဒီနေရာ မဟုတ်ဘူး ...ငါ့ကို ဝဏ္ဏအောင်ဖုန်းခေါ်တုန်းက ငါမြင်ခဲ့ရတဲ့ အခန်းပတ်ဝန်းကျင်က ဒီလိုမျိုး မဟုတ်ဘူး ..."

မိုင်းရဲ့ အမြင်အာရုံမှတ်ဉာဏ် စွဲထင်မှုက အားကောင်း၏။

"ဟုတ်တယ် ဒီနေရာ မဖြစ်နိုင်ဘူး ...သူတို့ ဒီနေရာမှာ နေခဲ့ပြီး ထွက်သွားတယ် ဆိုရင်တောင်မှ ခြေရာလက်ရာတွေတော့ ကျန်နေခဲ့ရမှာပဲ ...ဥပမာ လူတွေ ရှိနေခဲ့တယ်ဆိုတဲ့ အနေအထားမျိုးပေါ့ ..."

မှန်သည်။ အခုက အခန်းထဲက ထိုင်ခုံတွေမှာပင် ဖုန်တွေက ဒီအတိုင်း ရှိနေဆဲ။ လူတွေ ထိုင်ခဲ့တဲ့ အနေအထားမျိုး ရှိမနေပေ။

"ငါ မလိမ်ဘူးနော် ငါတကယ်မလိမ်ဘူး ...ငါတကယ်ပြောတာ ...ငါတို့ကိုယ်တိုင် ဝဏ္ဏအောင်ကို လိုက်ပြပေးခဲ့တာပါကွာ ..."

ရှာမတွေ့တာမို့ သူ့အန္တရာယ် သူသိနေတဲ့ တစ်ယောက်က တောင်းပန်နေရှာသည်။ သူ့ပုံစံက တကယ်ကြောက်နေပုံ ရတာမို့ လိမ်တာမျိုးတော့ မဖြစ်နိုင်။ သူအမှန်ပြောနေတာဆိုရင် ဆန်းက ဘယ်နေရာမှာလဲ။ မိုင်း စိတ်ပျက်သွားရသည်။ မျက်နှာပြင် တစ်ခုလုံးကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်သပ်ချလိုက်လေ၏။

သဏ္ဍာန်ဆန်းWhere stories live. Discover now