P_41 (U)

38.9K 4.8K 268
                                    

သဏ္ဍာန်ဆန်း။ ဒီအမည် ဆန်းဆန်းနဲ့ လူသားတစ်‌ယောက်ဟာ အားလုံးရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့ခြင်းက မျက်လှည့်ဆန်ဆန်။
သူ့ကို လူတွေအားလုံးက အပူတပြင်း လိုက်လံရှာဖွေနေကြရသည်။ တချို့က တာဝန်အရ အမိန့်အရ။ တချို့က မိတ်ဆွေ အပေါင်းအသင်း ပတ်သက်မှု သံယောဇဉ်တွေနဲ့။
နောင်တတွေနဲ့ ရင်နင့်အောင် ခံစားနေရတဲ့ တစုံတယောက်သည်လည်း အားလုံးထက်ပို၍ အဆပေါင်းများစွာ ကြိုးစားရှာ‌ဖွေနေလေရဲ့။ သူက ဆီဇာနေရဇ္ဇလို့ ခေါ်ကြတဲ့ မိုင်းပါပဲ။ နှစ်ရက်ဆက်တိုက် လုံးဝမအိပ်။ အစားလည်း  သေချာ စားသောက်ခြင်း မရှိ။ မြစ်ကြောင်းတလျောက် ရှာဖွေနေတဲ့ ရဲတပ်ဖွဲ့တွေနဲ့အတူ သူသည်လည်း လုံးဝမနားမနေ။

"ငါအရမ်းမှားခဲ့တယ် ...ငါ သူ့စကားကို နားထောင်လိုက်ရင် ဒီလိုတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး ..."

ရှာဖွေနေချိန် ရက်တွေမှာ မိုင်းက သူငယ်ချင်းတွေကို ပြောနေခဲ့သည်။ သူတစ်ယောက်ထဲလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မဆုံးခဲ့။

"ငါ့ကြောင့် ...အဲ့ဒါ ငါ့ကြောင့် ...ငါအရမ်းဆိုးလွန်းခဲ့တယ် ...ငါလက်တုံ့ပြန်ခဲ့မိလို့ ...ဆန်း ...ဆန်းလေး သူ ဒီလိုဖြစ်ရတာ ...ငါ့ကိုယ်ငါ လုံးဝခွင့်မလွှတ်နိုင်ဘူး ..."

သူ့ ရင်ထဲမှာ တိမ်တွေ ညိုနေခဲ့ပြီမို့ သူ့ မျက်ဝန်းတွေထဲမှာလည်း တိမ်တွေပြိုနေခဲ့ပါသည်။
တချိန်လုံး ယူကျုံးမရ စိတ်တွေနဲ့ ပူဆွေးသောကရောက်နေတဲ့ သူ့ကိုကြည့်ပြီး သူငယ်ချင်းတွေလည်း စိတ်မကောင်းကြပေ။ မိုင်းတစ်ယောက် ဒီလောက်ထိ စိတ်ပျက်လက်ပျက် ပြိုပျက်နေခြင်းကို တစ်ခါမှ မမြင်ခဲ့ဖူးပါချေ။
သုံးရက်မြောက်နေ့မှာတော့ သူပင်ပန်းလွန်းပြီး သတိလစ် လဲကျသွားခဲ့ လေတော့သည်။ သူငယ်ချင်းတွေက မိုင်းကို အနီးဆုံးမြို့က ဆေးရုံမှာ တင်လိုက်ကြရ၏။ မိုင်းနဲ့အတူ သူတို့အုပ်စုလည်း မြို့တော်ကို မပြန်ဖြစ်ကြသေးပေ။

"သူ့ အခြေအနေ ဘယ်လိုရှိလဲ ..."

သားဖြစ်သူ သတင်းကြား၍ ဆေးရုံကို ချက်ချင်း လိုက်လာခဲ့သော ဦးဆီဇာမင်းထင်က ကောင်းသစ်လွင်တို့ကို မေးလာခဲ့သည်။ မိုင်းကတော့ ဆေးရုံ အထူးခန်းထဲက ခုတင်ပေါ်မှာ လဲလျောင်းနေဆဲ။

သဏ္ဍာန်ဆန်းWhere stories live. Discover now