အခန်း ၆

1.6K 228 4
                                    

အဲဒီနောက်ပိုင်းတော့ ငါစာကိုပိုအာရုံစိုက်လာတယ်။ တစ်နေကုန်အခန်းထဲမှာနေပြီး စာလုပ်ရင်း မသေမျိုးတွေရဲ့ကျင့်စဉ်အကြောင်းနဲ့ တာအိုကျင့်စဉ်တွေအကြောင်း တွေးတောရင်း အားတဲ့အချိန်ရှိရင် ဟိုးအရင်က မသေမျိုးဘိုးဘေးတွေထားခဲ့တဲ့ မသေမျိုးဒဏ္ဍာရီတွေအကြောင်းထိုင်ဖတ်တယ်။ ဆရာတူအကိုတွေလည်း ငါပြောင်းလဲလာတာကိုကြည့်ပြီး အတော်လေးစိတ်သက်သာရာရသွားကြတယ်။

အသစ်တစ်ခုခုသင်ရတိုင်း ဆရာ့ဂူရှေ့မှာသွားပြီးလေ့ကျင့်တယ်။ ငါလေ့ကျင့်နေတာကို ဆရာမမြင်ရပေမယ့်လည်း ဆရာ့ရှေ့မှာလေ့ကျင့်ရတာက စိတ်ကိုအများကြီးတည်ငြိမ်စေတယ်။

တစ်ရက် မက်မွန်တောအုပ်မှာတရားထိုင်နေတုန်း ဆရာတူအကို ၁ က ကြိုးကြာတစ်ကောင်လွှတ်ပြီး ခန်းမထဲမှာ ငါ့ဧည့်သည်တစ်ယောက်ရောက်နေလို့ အမြန်လာခဲ့ပါလို့ မှာလိုက်တယ်။

ဆရာ့အခန်းမှာထားပေးတဲ့ပန်းအိုးက ပန်းတွေကခြောက်နေပြီဆိုတော့ မက်မွန်ကိုင်းကနေ မက်မွန်တစ်ခက်ချိုးလာခဲ့တယ်။

ဆရာကဂူထဲမှာပဲတရားကျင့်နေတုန်းဆိုတော့ အခန်းထဲမှာပြန်မနေသေးပေမယ့် ဂူထဲကပြန်ထွက်လာလို့ ဆရာနေရင်သက်သောင့်သက်သာဖြစ်အောင် အခန်းကိုသပ်သပ်ရပ်ရပ်ထားချင်လို့ အမြဲတမ်းပြင်ပေးထားလေ့ရှိတယ်။

လက်ထဲမှာဆရာ့အခန်းအတွက်ချိုးလာတဲ့မက်မွန်ခက်ကိုဆော့ရင်း ခန်းမထဲကိုသွားလိုက်တယ်။

အဆောင်အလယ်နားကိုဖြတ်လာတော့ အကို ၁၃ နဲ့ ၁၄ က စွန်ပလွံပင်အောက်ထိုင်ပြီး ခန်းမထဲရောက်နေတဲ့ငါ့ဧည့်သည်က မိန်းမလား ယောကျ်ားလားဆိုပြီးလောင်းနေတာတွေ့လိုက်ရတယ်။ စဉ်းစားကြည့်လိုက်တော့ ငါ့ကိုလာတွေ့တာ အကိုလေးပဲဖြစ်မှာပဲ။ ဒါနဲ့ ညလင်းပုလဲကိုထုတ်ပြီး မဝံ့မရဲနဲ့ လောင်းခဲ့လိုက်တယ်။
ခန်းမထဲလည်းရောက်ရော လာတွေ့တဲ့ဧည့်သည်က အကို ၁ ပြောတဲ့ပုံနဲ့ ဘာမှလည်းမဆိုင်ပဲ နတ်ဆိုးဘုရင်ရဲ့ ဒုတိယသားတော် လီကျင်းဖြစ်နေတာကို တွေ့လိုက်ရတယ်။

လီကျင်းက ခန်းမထဲက သစ်တော်သားနဲ့လုပ်ထားတဲ့ ဆရာတွေထိုင်တဲ့ခုံမှာ ကျောရိုးကိုဖြောင့်၊ အိန္ဒြေရရနဲ့ထိုင်နေပြီး မျက်စိကိုစဉ်းလို့ ရေနွေးကြမ်းထိုင်သောက်နေတယ်။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now