အခန်း ၁၅

1.3K 193 7
                                    

အိပ်မက်ထဲမှာ အချိန်တွေအများကြီး ကုန်သွားခဲ့ပြီး ကိစ္စတွေအများကြီးလည်း ဖြစ်သွားခဲ့ပြီးတော့ ပျင်းရိပျင်းတွဲနဲ့ မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ နေက အနောက်ဘက်ကိုတောင် ဝင်သွားနေပြီမို့ အိပ်ပျော်သွားတာ ၃ ၄ နာရီလောက် ကြာသွားပြီဆိုတာ သိလိုက်တယ်။ အိပ်မက်ကြောင့် လွန်ခဲ့တဲ့နှစ် ၇ သောင်းက ကုန်လွန်သွားတဲ့ အချိန်တွေကို နောက်တစ်ခေါက်ပြန်နေလိုက်ရသလိုခံစားလိုက်ရပြီး အိပ်မက်ကနိုးလာတော့ အသက်တွေအများကြီး ကြီးသွားသလိုပဲ။

အခန်းထဲမှာ ရဲ့ဟွာရှိမနေတော့ဘူး။ အိပ်ယာပေါ်မှာ ခဏလှဲနေရင်း အိပ်ယာဘေးက လိုက်ကာစကိုကြည့်နေမိပြီးမှ ရင်ဘတ်ကဒဏ်ရာကို တတ်နိုင်သမျှ မထိအောင်ထိန်းရင်း အိပ်ယာပေါ်က ဆင်းလိုက်တယ်။

အိပ်ယာပေါ်က ခုန်ဆင်းလာတဲ့ အမူအရာက စင်းလုံးချော ပြေပြစ်နေတာမျိုးတော့ မဟုတ်ပေမယ့် မြေကြီးပေါ် ခြေလေးချောင်းထောက်လိုက်နိုင်ပြီး ဒဏ်ရာကသိပ်မနာအောင်လည်း အတတ်နိုင်ဆုံးထိန်းထားနိုင်လိုက်တဲ့အချိန်မှာတော့ ကိုယ့်ကျွမ်းကျင်မှုကိုယ် စိတ်ထဲမှာ တိတ်တိတ်လေး ဂုဏ်ယူမိသွားတယ်။

ရန်ဟွားဂူတစ်ခုလုံးမှာ မြူတွေပြည့်နေပြီး ဆရာ့ကိုယ်ပေါ် ဖုံးလွှမ်းနေတာကြောင့် ဂူပေါက်ဝက လှမ်းကြည့်ရင် ဆရာ့ကို ဝိုးတိုးဝါးတားပဲ မြင်ရတယ်။ လူအသွင်ပြန်ပြောင်းစေတဲ့ မန္တန်ကိုရွတ်လိုက်ပြီး ဆရာလှဲလျောင်းနေတဲ့ နေရာကို သွားလိုက်တယ်။

တကယ်တော့ အလကားသက်သက် စိတ်ပူနေမိတာပဲ။ မင်ဂုက ဆရာ့ခန္ဓာကိုယ်ကို အရင်ကအတိုင်းပဲ ပုံစံမပျက် နေရာချထားပေးပြီး ခေါင်းအုံးပေါ်မှာလည်း ဆံချည်တစ်မျှစ်ချင်းစီကို ဖြန့်ချပေးထားတယ်။ အားလုံးကို မျက်လုံးဒေါက်ထောက်ကြည့်တာတောင်မှ မသပ်မရပ်ဖြစ်ပြီး ပျက်ယွင်းနေတဲ့ အမူအရာမျိုး တစ်ခုတောင် မတွေ့ရဘူး။

လှဲနေတဲ့ ဆရာ့ခန္ဓာကိုယ်ဘေးမှာ ဝင်ထိုင်ပြီး အိပ်မွေ့ချခံရသူလို တမေ့တမောနဲ့ ငေးကြည့်မိတယ်။ နှစ် ၇ သောင်းကြာအောင် ပွင့်မလာတဲ့ မျက်လုံးတွေ၊ ဖြောင့်စင်းနေတဲ့ နှာတံနဲ့ ခပ်ဖူးဖူးနှုတ်ခမ်းလေး။ ဒီလိုချောမောတဲ့ မျက်နှာမျိုးကို မိန်းမလျာတစ်ယောက်ရဲ့မျက်နှာလို့ ထင်ခဲ့ရတယ်လို့။ ဆရာ့ကို စတွေ့ခဲ့တုန်းက ဘယ်လောက်တောင် ငယ်ရွယ်နုံချာပြီး အတွေးတွေက ပေါက်ကရဖြစ်နေခဲ့တာလဲ။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now