အခန်း ၁၁

1.4K 181 22
                                    

ရက်အနည်းငယ်ကုန်လွန်သွားပြီးတဲ့နောက်မှာတော့ ၆ လပိုင်းရဲ့ ပထမဆုံးရက်ကိုရောက်လာခဲ့တယ်။

သေမျိုးကြမ္မာစာအုပ်မှာပါတဲ့ အချက်အလက်တွေက မှန်တယ်လို့ပြောရမယ်။ ဧကရာဇ်စုန့်က တကယ်ပဲ နဂါးလှေကြီးစီးပြီး ဆုယုမြစ်မှာ ပူဇော်ပွဲလုပ်ဖို့သွားမယ့် ခရီးမှာ မှူးမတ်တွေ၊ ကိုယ်လုပ်တော်တွေနဲ့ မင်းမျိုးမင်းနွယ်တွေအားလုံးကို ခေါ်သွားတယ်။ ငါက သူ့သားရဲ့ ဆရာဖြစ်ပေမယ့်လို့ ဧကရာဇ်က ငါ့ကိုသိပ်ပြီး သဘောမကျတဲ့အတွက် နန်းတော်ထဲမှာ ရာထူးကြီးကြီးတော့ မရထားဘူးပေါ့။ ဒါပေမဲ့ ဘာသာရေးရုံးတော်က လူတွေကတော့ အမြင်ကျယ်တဲ့အပြင် ငါကထူးခြားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း သူတို့သိကြတော့ နဂါးလှေကြီးကိုစီးကြမယ့် မှူးမတ်တွေကြား ငါပါပါလာအောင် အတင်းစီစဉ်ကြတယ်။

နဂါးလှေပေါ်မှာ ငါ့ကိုအဆင့်ရှစ် အမတ်တွေကြားထဲ နေရာချထားပေးပေမယ့်လို့ ငါ့နေရာကလှမ်းကြည့်ရင် ဧကရာဇ်ရဲ့ ခေါင်းအနောက်ဘက်ကိုပဲ မြင်ရတယ်။ ဧကရာဇ်ခေါင်းနဲ့ ၃ ပေလောက်အကွာမှာ နောက်ခေါင်းတစ်လုံးတွေ့လိုက်ရတယ်။ ဒီခေါင်းက ကိုယ်လုပ်တော်ချန်းရဲ့ခေါင်းနဲ့ တူသလိုလိုပဲ။

နေမင်းရဲ့သားတော်မော်ကတော့ သူ့အလုပ်ကိုသူ ကောင်းကောင်းလုပ်နေတယ်ပြောရမယ်။ ယွမ်ကျန်းနဲ့ တုန်းဟွာသီကျွင်းတို့ရဲ့ ကြမ္မာဆိုးကျရောက်တဲ့နေ့မှာ နေကတော်တော်ဆိုးဆိုးသာနေပြီး တိုက်တဲ့ လေကလည်း ပူခြစ်တောက်နေတယ်။ ကောင်းကင်မှာ တိမ်လေးတစ်စုနှစ်စုတော့ရှိပါရဲ့။ ဒါပေမဲ့ အဲဒီတိမ်တွေကလည်း ပါးလွှာလွန်းပြီး အပူဒဏ်ကြောင့် သူတို့ပါ တစ်ခါတည်း အငွေ့ပျံသွားတော့မလို ဖြစ်နေတယ်။

ဆုယုမြစ်က သိပ်တော့လည်းမကျယ်လှတော့ ဧကရာဇ်ရဲ့ နဂါးလှေကြီးက ဆုယုမြစ်အကျယ်ရဲ့ တစ်ဝက်လောက်ကို နေရာယူထားပြီး မြစ်ကမ်းနှစ်ဘက်လုံးမှာ မနေ့ညကတည်းက နေရာကောင်းရဖို့ လာဦးထားပုံရတဲ့ ဧကရာဇ်ရဲ့ပြည်သူပြည်သားတွေနဲ့ ပြည့်နေတယ်။ နဂါးလှေကြီးက မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းသွားမှာတော့ မဟုတ်လောက်ဘူး။ နောက်ပြီး မြစ်ကမ်းနဘေးမှာလည်း လူတွေကအရမ်းများလွန်းနေတယ်။ အချို့တွေဆို မြစ်ကမ်းမှာ နေရာမရလို့ သစ်ပင်ပေါ်တက်ကြည့်ကြတာတို့ အိမ်ခေါင်မိုးတွေပေါ်ကနေ လှမ်းကြည့်နေတာတို့တောင် ရှိကြတယ်။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now