အခန်း ၉

1.5K 211 10
                                    

အဲဒီမနက်မှာ ကောက်ညှင်းထုပ်လေးနဲ့ငါက ချင်းချိုးကိုပြန်လာပြီး ရဲ့ဟွာကသူ့ငယ်သား ကျားယွမ်နဲ့အတူ ကောင်းကင်ဘုံနန်းတော်ကို ပြန်သွားတယ်။ ကောင်းကင်နန်းတော်ရဲ့ ညီလာခံမှာ ဆွေးနွေးရမယ့် အရေးတကြီးကိစ္စတစ်ခုရှိနေပြီး ထုံးစံအတိုင်း ၃ ၄ ရက်လောက် ကြာမှာပေါ့။ ဒီရက်တွေအတွင်း ကောက်ညှင်းထုပ်လေးနဲ့ငါကတော့ နှင်းသီးတွေပဲ ထိုင်စားနေရတယ်။ ကိုယ့်အတွက်ကိုယ် စိတ်မကောင်းဖြစ်လို့ မဆုံးဘူး။ ကောက်ညှင်းထုပ်လေးခမျာလည်း နှင်းသီးတွေစားရလွန်းလို့ မျက်နှာတောင် လိမ္မော်ရောင်ပြောင်းချင်လာသလိုပဲ။ ငါ့အင်္ကျီလက်ကိုဆွဲထားရင်း ကောက်ညှင်းထုပ်လေးက မေးတယ်။

"မေမေ... ဖေဖေမင်းသားက ဘယ်တော့မှပြန်လာမှာလဲ။ အားလီ ဖေဖေချက်တဲ့ မှိုပေါင်းနဲ့ ဂေါ်ဖီနဲ့ မုန်လာဥနီဟင်းချိုသောက်ချင်နေပြီ"

မင်ဂုက ကောက်ညှင်းထုပ်လေးရဲ့ သနားစရာကောင်းတဲ့မျက်နှာလေးကို ဆက်မကြည့်နိုင်တော့ဘူးထင်ပါရဲ့။ ကောက်ညှင်းထုပ်လေးစားချင်တာက မှိုပေါင်းနဲ့ ဂေါ်ဖီနဲ့ မုန်လာဥနီဟင်းချိုလောက်ပဲဆို သိပ်တော့ခက်မှာမဟုတ်ဘူးလို့ သူတွေးပြီး အင်္ကျီလက်ကိုခေါက်တင်လို့ မီးဖိုချောင်ထဲဝင်သွားတယ်။ ရဲ့ဟွာရဲ့ မှိုပေါင်းနဲ့ ဂေါ်ဖီ မုန်လာဥ ဟင်းချိုက မယုံနိုင်စရာကောင်းလောက်အောင် အရသာရှိတာမှန်ပေမယ့် အဲဒီနှစ်ခုချက်နည်းက အရမ်းရှုပ်ထွေးပြီး လက်ဝင်လွန်းလို့ ပန်းတွေညှိုး၊ သစ်ရွက်တွေကြွေပြီး ကောင်းကင်ကြီးအရောင်ပြောင်းသွားမှပဲ အဲဒီဟင်းနှစ်ခွက်ချက်လို့ပြီးတာ။

မင်ဂုခမျာ ရဲ့ဟွာချက်နည်းအတိုင်း လိုက်တုပြီးချက်ရင်း မြေခွေးဂူကြီးတစ်ခုလုံး ဗြောင်းဆန်သွားပေမယ့် ကောက်ညှင်းထုပ်လေးကိုတော့ ကျေနပ်အောင်မလုပ်လိုက်နိုင်ဘူး။

ကောက်ညှင်းထုပ်လေးက အင်္ကျီလက်ကိုထပ်လာဆွဲပြီး စိတ်သောကရောက်နေတဲ့အသံလေးနဲ့ လာမေးပြန်တယ်။

"မေမေ.. မေမေ.. ဖေဖေမင်းသားက ဘယ်တော့မှပြန်လာမှာလဲ"

ဖုန်းကျိုတစ်ယောက် သေရည်မူးနေတုန်းက သူ့ရဲ့အချစ်ဇာတ်လမ်းအကြောင်း ငါ့ကိုပြောပြဖူးတယ်။ နောက်ဆုံးပြောသွားတာကတော့ သူကိုယ်တိုင်မကြုံဖူးတုန်းက အချစ်ဆိုတာဘာလဲ သူမသိခဲ့ဘူးတဲ့။ ဒါပေမဲ့ အချစ်ကိုကြုံဖူးသွားရင်တော့ သူ့ရဲ့ချိုမြိန်မှုတွေမရှိဘဲ မနေနိုင်တော့ဘူးလို့ပြောတယ်။ လောကမှာ ကြည်နူးစွတ်ပျံ့တာမျိုးလောက် ကောင်းတာမရှိဘူး။ အချစ်ထက်ပိုပြီး လူတစ်ယောက်ကို ဆွဲဆောင်နိုင်တာမရှိဘူးဆိုတာ ငါဝန်ခံပေမယ့် အချို့ကိစ္စတွေကလည်း အချစ်နဲ့တန်းတူ ဆွဲဆောင်နိုင်စွမ်းတော့ ရှိကြတယ်။ ဥပမာ ရဲ့ဟွာရဲ့ အချက်အပြုတ်စွမ်းရည်လိုမျိုးပေါ့။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများDonde viven las historias. Descúbrelo ahora