အခန်း ၁၉

1.5K 185 4
                                    

တွေဝေခြင်းတွေ၊ ထိတ်လန့်မှုတွေအပြည့်နဲ့ ခန်းမထဲမှာ ကျန်ရစ်ခဲ့တယ်။

စားပွဲပေါ်ရှိနေတဲ့ ရေနွေးကရားထဲက ရေနွေးခပ်အေးအေးတစ်ခွက်ကို တစ်ငုံနှစ်ငုံလောက် သောက်ရင်း ခြောက်ကပ်နေတဲ့ လည်ချောင်းတစ်လျှောက်ကို စိုစွတ်အောင်လုပ်လိုက်ပြီး ခန်းမကျယ်ထဲက အယောင်ယောင်အမှားမှားနဲ့ ပြန်ထွက်ခဲ့လိုက်တယ်။

ခန်းမကျယ်အပြင်ဘက်မှာ အတန်းလိုက်တန်းစီရပ်ရင်း စောင့်နေခဲ့တဲ့ အနောက်ပင်လယ် မသေမျိုးငယ်လေးတွေထဲက တစ်ဝက်လောက်မရှိတော့ဘူး။ ရဲ့ဟွာအတွက် အပြန်လမ်းရှင်းပေးဖို့ လိုက်သွားကြတာဖြစ်မယ် ထင်တယ်။

ကျန်တဲ့တစ်ဝက်ကတော့ အနောက်ပင်လယ်သလင်းကျောက်နန်းတော်ရဲ့ တံခါးပေါက်နားမှာ စုပြုံလို့ တိုးဝှေ့နေကြတယ်။

ကြည့်ရတာ နောက်ထပ်ဧည့်သည်တစ်ယောက် ထပ်ရောက်လာပြန်ပြီနဲ့တူတယ်။

တန်းစီထားတဲ့ လူတန်းကြီးအနောက်ဘက်ဆုံးက မသေမျိုးနန်းတွင်းသူလေးတစ်ယောက်ကို လှမ်းဆွဲရင်း ဘာတွေဖြစ်နေတာလဲလို့ မေးလိုက်တော့ မသာမယာဖြစ်နေတဲ့ အကြည့်နဲ့ လှည့်ကြည့်ရင်း

"အဝေးက ဧည့်သည်တစ်ယောက် ထပ်ရောက်လာလို့ အနောက်ပင်လယ်ရေဘုရင်ရဲ့ မှူးကြီးမတ်ရာ အရာရှိတွေက သွားကြိုဆိုနေကြတာ" လို့ရှင်းပြတယ်။

ဒီနေ့တော့ အနောက်ပင်လယ်ရေဘုရင်ခမျာ ဧည့်သည်တွေပဲ ထိုင်ကြိုနေရတော့မယ်ထင်ပါရဲ့။

ဘယ်သူရောက်လာတာကမှ ငါ့ကိုတအံ့တဩ မဖြစ်စေတော့ဘူး။ ကုန်ကုန်ပြောရရင် အနောက်ဘက်နိဗ္ဗာန်ဘုံက ကြာပလ္လင်မှာ စံပယ်တော်မူနေတဲ့ ဘုရားရှင်တော်မြတ်ကိုယ်တော်တိုင် ကြွချီလာရင်တောင် ငါ့အတွက်ကတော့ မထူးဆန်းတော့တဲ့ ကိစ္စဖြစ်နေပြီ။

အနောက်ပင်လယ်ရေဘုရင် မျိုးဆက် ၂ ဆက်လုံးက သိုသိုသိပ်သိပ်နေခဲ့ကြတော့ ငါ့အသက်အရွယ်တန်း မသေမျိုးတွေရဲ့ အာရုံစိုက် အရေးပေးမှုကို သူတို့မရခဲ့ရှာဘူး။ အခုလိုမျိုး ထင်ရှားကျော်ကြားပြီး အရေးပါတဲ့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတာဟာ သူတို့အတွက်တော့ သေချာပေါက် ဂုဏ်ယူရတဲ့ ကိစ္စဖြစ်နေပြီး သူတို့ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကလည်း တော်တော် ကျယ်ပြန့်သွားမှာပဲ။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now