နတ်ဆိုးဘုရင်ချင်းချောင်တိုက်ပွဲမှာ ဆရာ ကျသွားပြီး နှစ်ထောင်သောင်းကြာတဲ့အထိ စိတ်ထဲမှာ ပူပန်ကြောင့်ကြ စိတ်ပျက်ပြီး စိုးရိမ်ခဲ့ရတယ်။ ဆရာဘယ်ချိန်မှ ပြန်လာမှာလဲ မေးချင်လွန်းလို့ ညတိုင်း ဆရာ့ကိုအိပ်မက်မက်ရင် ကောင်းမှာပဲလို့ တွေးပြီး ညအိပ်ယာမဝင်ခင်တိုင်း ဒီမေးခွန်းက စိတ်ထဲမှာရှိနေတယ်ဆိုတာ သေချာတော့မှ အိပ်တယ်။ စိတ်ထဲမှာစွဲနေအောင်လို့လည်း မအိပ်ခင် "ဆရာ ဘယ်ချိန်မှ ပြန်လာမှာလဲ" လို့ ၅ ခေါက် ၆ ခေါက်လောက် ပါးစပ်ကနေ တဖွဖွရွတ်ခဲ့သေးတာ။
ငါကြောက်မိတာက တကယ်လို့ မတော်တဆ ကံကောင်းထောက်မပြီး အိပ်မက်ထဲမှာ ဆရာ့ကိုတွေ့ခွင့်ရခဲ့ရင် စိတ်ထဲမှာ ခံစားချက်တွေများနေတာနဲ့ မေးချင်နေတာကို မမေးလိုက်ရမှာကိုပဲ။ ဒါပေမဲ့လည်း တစ်ခါမှ ဆရာ့ကို အိပ်မက်ထဲမှာမဆုံခဲ့ရတော့ အချိန်ကြာလာတာနဲ့အမျှ ဒီမေးခွန်းကလည်း စိတ်ထဲမှာတဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်။
နှစ် ၇ သောင်းကြာပြီးမှ ပထမဆုံးအကြိမ် ဆရာ့ကိုအိပ်မက်မက်မိတော့ ဒီမေးခွန်းကို အသေအလဲစဉ်းစားလိုက်ရပေမယ့် စိတ်ထဲမှာ စွဲနေအောင် မှတ်ခဲ့မိတဲ့ အကျိုးကြောင့် ဆရာဘယ်ချိန်ပြန်လာမှာလဲလို့ ဒီတစ်ခေါက်မေးလိုက်နိုင်တယ်။
ငါ့အိပ်မက်လေးက ကျန်းယန် ငါ့ကို ဆရာ့ဆီမှာ တပည့်ခံခိုင်းဖို့ ခွန်းလွန်တောင်ဆီ ခေါ်သွားတဲ့နေ့ကစတယ်။
အဲဒီအချိန်တုန်းက အသက် ၅ သောင်းပြည့် မွေးနေ့ကို ကျင်းပပြီးစအချိန်၊ အခုရဲ့ဟွာအသက်နဲ့ အတူတူလောက်ပဲပေါ့။ မေမေက ငါမမွေးခင် သားချည်းပဲ ၄ ယောက်မွေးခဲ့ပြီး အငယ်ဆုံးကလေးကျမှ သူအမြဲလိုချင်ခဲ့တဲ့ သမီးလေး ငါ့ကိုမွေးခဲ့တယ်။ မွေးကတည်းက မျက်လုံးကလည်း မကောင်းတဲ့အပြင် ကလေးဘဝကတည်းက အင်မတန်ချုချာတဲ့ကလေးမို့ တစ်မိသားစုလုံးက ငါ့ကိုဆို အဖြစ်သည်းခဲ့ကြတာပေါ့။ အကိုလေးယောက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ သူတို့ကြိုက်တာလုပ်ခွင့်ရခဲ့ပေမယ့် ငါကျတော့ ဘာပဲလုပ်လုပ် စည်းကမ်းတင်းကျပ်တာခံခဲ့ရပြီး ချင်းချိုးနဲ့ ကျန်းယန်ရဲ့ ဆယ်မိုင်မက်မွန်တောကိုပဲ သွားလာခွင့်ရခဲ့တယ်။ အဲဒီလိုမျိုး စိတ်ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ နှစ် ၂ သောင်းလောက် နေလာခဲ့ပြီး တဖြည်းဖြည်းနဲ့ ပိုသန်မာ ပိုကျန်းမာလာခဲ့ပေမယ့် ဖေဖေနဲ့မေမေက ဆက်ပြီး စိတ်ပူပန်နေခဲ့တုန်းပဲ။
YOU ARE READING
သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများ
Romance"ရဲ့ဟွာ ကျွန်မရှင့်ကို လက်လွှတ်လိုက်တော့မယ်။ ရှင်လည်း ကျွန်မကို လက်လွှတ်လိုက်သင့်ပြီ။ ကျွန်မတို့ကြားမှာ တစ်ယောက်အပေါ် တစ်ယောက် အကြွေးတင်တာတွေ မရှိတော့ဘူး" "ကိုယ်တို့ တစ်ယောက်ပေါ်တစ်ယောက် ပြန်ပေးဆပ်စရာတွေ ဘယ်လောက်များလဲ တွက်ကြည့်က...