(၂၀) ဆေးရုံထက်ဝယ်...

1.3K 242 70
                                    


ကျုပ်ခမြာ ဆေးရုံတက်ရတာ တစ်ပတ်ကြာတယ်။ ဒီတစ်ပတ်အတွင်းမှာ ဟိုလူကြီးမှာလည်း ကျုပ်ကုတင်ဘေးက dream bed လေးနဲ့ ၀မ်းဆက်ဖြစ်‌နေရှာတာကလား။ ကျုပ်က မရမက အနားခေါ်ထားတာ မဟုတ်ရပါဘူးဗျာ။ ကျုပ်ပြောပါတယ်။ ပြန်ပါဆိုတာ။ သူ့ဟာသူ မပြန်တာ။

"ငါပြန်ရင် မင်း အချိုးပြေပုံနဲ့ နာ့စ်မက ဆေးထိုးသတ်လိမ့်မယ်" တဲ့။

တကယ် အချိုးမပြေတာက ကျုပ် မဟုတ်ဘူးဗျ။ သူ။ ဦးနွေစိမ်းဆိုတဲ့ ဘိုးတော်။ ဘယ်နှယ့်ဗျာ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်။ ညဘက် အိပ်လု အိပ်ခင်ကျရင် အတင်းနိုးပြီးဆေးတိုက်ပါပြီ။ အတင်းတွေသာ တိုက်တာ ဘာဆေးလဲဆိုတာ သူလည်း မသိဘူး။ တော်ကြာ ကျားရတနာ အားတိုးဆေးတို့၊ ကာမသိဒ္ဓိအားဆေးတို့ ဖြစ်နေရင် ဘယ့်နှယ့်လုပ်မှာတုန်း။ နှစ်ယောက်လုံးဆေးရုံက မဆင်းရပဲနေမယ်။ ဒီတော့ ကျုပ်က မမေးရဘူးလား။ ခက်တာက ကျုပ်အခန်းကို တာဝန်ကျတဲ့ ဆရာမလေးရဲ့ ညှင်သာလွန်းလှတဲ့ အသံဗျ။ ဘယ်လောက် ညှင်သာလဲဆို လေပြေလေညင်းလေးလိုပဲ။ သူ ဘာပြောပြော ဘာမှ မကြားရဘူး။

"ဆရာမရယ် ကျေးဇူးပြုပြီး အသံကျယ်ကျယ်လေး ပြောပါလားခင်ဗျာ။ မဟုတ်ရင် ကျွန်တော့်မှာ ဆရာမလေး ပဠာန်းရွတ်နေတယ်ထင်လို့ သာဓုချည်းခေါ်နေမိလို့ပါခင်ဗျ။"

ဒါလည်း မျက်စောင်း အထိုးခံရတာပဲ အဖတ်တင်တယ် သာဓုခေါ်နေရတုန်းပဲ။ နောက်ဆုံး မပြောတော့ဘူး။ ကျားအားတိုးဆေးဆိုရင်လည်း ကျုပ် ‌ယောက်ျားတစ်ယောက်လုံးဘေးမှာ ရှိတာပဲလို့တွေးပြီး တိုက်သမျှဆေး မျိုချလိုက်တယ်။ တခုခုဆို သူ ဆရာဝန်ပြေးခေါ်လိမ့်မယ်ပြောတာနော်။ လျှောက်မတွေးနဲ့ဦး။

ဒီကြားထဲ "လူနာမေး"ပြဇာတ် လာကတဲ့လူတွေက တမျိုး။ တကယ်မေးချင်လို့ လာမေးတာမဟုတ်ဘူး။ လူမှုရေးအရလာမေးတဲ့ လူမှုရေးနားမလည်တဲ့လူတွေလေ။ လူနာသတင်းမေးတယ်တဲ့။ တစ်ခန်းလုံးပြည့်အောင် အဖွဲ့လိုက်ကြီးလာ။ ပြီးတော့ သူတို့ဟာသူတို့ အချင်းချင်း စလားနောက်လား၊ ရယ်လားမောလားလုပ်။ ပြီးရင် ဖုန်းပွတ်တဲ့လူက ပွတ်နဲ့။ ကျုပ်ကိုေ-ာက်ဖက်တောင်တစ်ချက် မလုပ်ဘူး။ ဒါလား လူနာလာမေးတာ။ နောက်ထပ်ရှိသေးတယ်။ အရိပ်အကဲမသိတဲ့လူ။ လူနာက အိပ်ချင်လား သူဟာသူ နားချင်လားမသိ။ စကားတွေ စွတ်ပြော။ နောက်ဆုံး ပြန်ဖို့ ပါးစပ်က ထုတ်ပြောမှ ပါးစပ်ပိတ်ပြီးပြန်သွားတာ။ အဲ... စကားများတဲ့ လူတွေထဲမှာ စိတ်အညစ်ဆုံးက အတွေ့အကြုံတွေပြောပြီး သတင်းပြန်အမေးခံတဲ့လူ။ "ကျွန်တော့်တုန်းက ဘယ်လိုပိုဆိုးတာ။ ကျွန်မတုန်းက ဘယ်လိုတွေပိုခံရတာ။" စသည်ဖြင့် Drama တွေပဲ စွတ်ချိုး။ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းကြီးတွေလို plot ခင်း တာမျိုးလေ။ အနည်းလေး ဘာစားရတယ်။ ဘာလုပ်ရတယ် ဆိုတာပြောရင်လည်း ထားတော့။ အခုက ဘာ အချက်အလက်မှကို မပါတာ။ ကိုယ်ခံစားရတာ ဘာမှ မဟုတ်တဲ့ အထာ။ လူပဲဗျာ။ သူများ ပုဆိန်နဲ့အပေါက်ခံရတာထက် ကိုယ့်ကို အပ်နဲ့ထိုးတာကို ပိုနာတဲ့လူချည်းပဲ။ တော်ပြီ။ ဒီလူတွေ အကြောင်းပြောရင် ပြီးမှာ မဟုတ်ဘူး။

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now