Part-23

970 96 4
                                    

💢အယောင်ဆောင်မိန်းမပျိုဓားဒဏ်ရာရရှိခြင်း💢

ညက တိမ်သလ္လာတို့ ဖုံးအုပ်ထားခြင်းကြောင့် ပတ်ဝန်းကျင်ကို ထိန်လင်းသောအလင်းပင် မစွမ်းဆောင်နိုင်ရှာ ။လှိုင်းကြက်ခွပ်လေးများ ငြိမ့်ငြိမ့်လေးပြေးနေသော ရေပြင်ကျယ်ပေါ်ရှိ ကြီးမားသောကုန်သည်လှေတစ်စီးက ကျောက်ချရပ်နားထားလျက်ရှိ၏…။ထိုလှေကြီးအနီးနားတွင် ကမ်းစပ်နှင့့်လှေအကြား သယ်ယူပို့ဆောင်ပေးသော လှေငယ်လေးတစ်ချို့လဲရှိသည်..။သို့သော် ကူးလူးသွားလာသော လှေငယ်ပေါ်ရှိလူအချို့မှာ ထိုရပ်နားထားသောလှေကြီးပေါ်သို့ တက်ရောက်ရခြင်းမရှိပဲ လှေပေါ်သို့တက်ရောက်ရန်ကြားဆိပ်ခံအဖြစ်ထားထားသော အတန်အသင့်ကျယ်ဝန်းသည့် သစ်သားမျှောခံတစ်ခုတွင်သာ အရောင်းအဝယ်ကမ်းလှမ်းကြရ၏..။ လရောင်မလင်းတလင်းအချိန်တွင် ထိုရေလယ်မှကုန်တင်လှေကြီးအနားသို့ လှေငယ်သုံးစီးဆိုက်ကပ်လာသည်…။

“ဟေ့..ရပ်စမ်း…အဲ့ဒီဆိပ်ခံကနေကျော်လို့မရဘူး…မင်းတို့ကဘယ်အဖွဲ့ကလဲ”

ကြားခံအဖြစ်ထားသော သစ်သားဆိပ်ခံပေါ်ကနေ လက်ထောက်ဖြစ်ဟန်တူသောလူက သူတို့ကိုဆီကမ်းကပ်လာသော လှေငယ်သုံးစင်းအားတားမြစ်လိုက်၏..။

“အဟင့်…ဒီကမောင်ကြီးကလဲ…ဖြေးဖြေးအော်ပါရှင်…မောင်ကြီးအော်သံကြောင့် ဒီကနှမလေးကအသည်းအူတောင်တုန်သွားပြီ”

လှေဦးထိပ်မှာ ထိုင်နေသည့်မင်ချူက ကနွဲ့ကလျထကာ လက်ထဲကိုင်ဆောင်ထားသည့် သားမြီးယပ်ကို ဖြန့်ကွယ်ရင်း မခို့တယို့ဖြင့်ထိုလူကို စကားလှမ်းပြော၏…။

“မင်းတို့က ! !”

လက်ထောက်ဖြစ်သူမှာ ညဖက်ကြီး နှာခေါင်းကိုကျီစယ်လာသည့် အမွှေးနံ့သာများနှင့် ချိုအီအီစကားသံတို့ကြောင့် ခေတ္တကြောင်သွားသည်..။ခြုံငုံကြည့်လိုက်တော့ လှေသုံးစင်းလုံးက မိန်းမလှလေးများတင်ဆောင်ထားလျက်…။

“မင်းတို့ဒီကိုဘာလာလုပ်တာလဲ…ဒါက ဆားတွေကုန်ရောင်းကုန်ဝယ်ပြုတဲ့နေရာ..မင်းတို့နေရာမှားလာကြတာလား…မှားလာမိတာဆိုရင်လဲ ချက်ချင်းပြန်လှည့်”

My lovely "Chu" (Complete)Where stories live. Discover now