အထွန်းဒီနေ့ စိတ်ကြည်နေတော့ ကိုမိုးအိမ်ဘက်သွားချင်လာပြန်သည်။
မသွားတော့ဘူးလို့ တွေးမိပေမယ့် လောလောလတ်လတ် ကိုမိုးမျက်နှာလေး မြင်ထားတော့လည်း။
အထွန်းတစ်ယောက် သနပ်ခါးရေကျဲကို ညီညီညာညာ လိမ်းရင်း မှန်ရှေ့က မခွာနိုင်ဖြစ်နေမိသည်။
အထွန်းက ထိုသို့လည်း အလှကြိုက်တတ်ပါသေးသည်။
အလှကြိုက်သော အထွန်းသည် လှတော့ မလှရှာ။နဂိုက ညိုသော အသားအရေသည် နေလောင်ဒဏ်ကြောင့် ပို၍ပင် မဲလာသည်။ ခြေလက်တို့ကလည်း အလုပ်ကြမ်းကြောင့် နုနယ်မနေ။
အထွန်းတွင် ဖြူသောနေရာဟူ၍ ခြေသည်း လက်သည်းသာ ရှိတော့သည်။ ထို့ကြောင့် အထွန်းသည် အချိန်ရတိုင်း လက်သည်း တိုက်သည် ၊ ခြေသည်းတိုက်သည်။အမှောင်ထဲတွင် ရပ်နေလျှင် အထွန်း၏ လက်သည်းခြေသည်းတို့ကို ထင်ထင်ရှားရှားပင် ကွင်းကွင်းကွက်ကွက် မြင်ရနိုင်သည်အထိ အထွန်းက သူ့လက်သည်း ခြေသည်းများကို ဂရုစိုက်လေသည်။
"အထွန်း နေကျလာပြီလေ ၊ ညနေစောင်းမှ ထွက်တော့မလို့လား"
"သွားတော့မလို့ပါပဲ အမေရဲ့ "
အမေပြောမှ ငေါက်ခနဲထပြီး အင်္ကျီလက်ရှည်ကို ကောက်ဝတ်သည်။ နေပူလျှင် လက်ရှည်ဝတ်မှ တော်ကာကျသည်လေ။ မဟုတ်ရင် အထွန်းရဲ့ အသား ညိုညိုလေးတွေ နေလောင်ပြီး မဲရချည်ရဲ့။
ပုဆိုးရှည်ရှည် ၊ အင်္ကျီ လက်ရှည်ဝတ်ထားသော အထွန်းသည် ကညွတ်ခွေကို ဆတ်ခနဲယူသည်
ထို့နောက် ဖရဲသီး ဗန်းကို ခေါင်းပေါ်ရွက်ကာ အိမ်မှ စထွက်တော့သည်။"ဖရဲသီး ချိုချိုလေး"
လမ်းထိပ်အရောက်တွင် အထွန်း၏ ဦးတည်ရာသည် ကိုမိုးတို့ အိမ်ဘက်သို့ လှည့်သွားသည်။
ဘုရားသိကြားမ,လို့ ကိုမိုးအိမ်မှာ ရှိပါစေ။
အထွန်းက ခြေလှမ်းကို ဖွဖွလှမ်းကာ ခြံတံခါးအကွယ်မှ နေ၍ ပြတင်းပေါက်သို့ချောင်းကြည့်သည်။
ထိုနေ့တွင် အထွန်းဆုတောင်း ပြည့်ခဲ့ပါသည်။ ကိုမိုးက ပြတင်းပေါက်ရှေ့တွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည်။ စာအုပ်နာမည်ကို အထွန်းမမြင်ရသော်လည်း အထွန်းအတွက် အဓိကသည် ကိုမိုးကို မြင်ရရန်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"