Part 19 ( Unicode)

2.6K 411 24
                                    

အထွန်းတစ်ယောက် စဉ့်အိုးဘေးတွင် ထိုင်ကာ ရေခွက်ကို ကိုင်ရင်း ပြန်ချရင်းဖြင့် အလုပ်များနေသည် ။ တစ်ကိုယ်လုံးကို ရေချိုးပြီးသော်လည်း မျက်နှာ မသစ်ရသေး။

မျက်နှာသစ်လိုက်ရင် ကိုမိုး လိမ်းပေးထားတဲ့ သနပ်ခါးလေး ပျက်ကုန်တော့မှာ ။ ဒါပေမယ့် မျက်နှာ မသစ်လို့ကလည်း ရမှ မရတာ။

စဉ့်အိုးထဲသို့ ငုံ့ကြည့်လိုက်တော့ အထွန်းပုံရိပ်လေးကို ဝိုးတိုးဝါးတား မြင်နေရပြန်သည် ။

အထွန်း ဒီ ပါးကွက်လေးကို နှမျောလိုက်တာ ။

နာရီဝက် ၊ တစ်နာရီခန့် ထိုင်နေပြီးသော အခါတွင် အထွန်းတစ်ယောက် နှုတ်ခမ်း လေးကို မဲ့ကာ မဲ့ကာဖြင့် မျက်နှာ သစ်ရတော့သည် ။

အထွန်း ဒဿဂီရိလို ခေါင်းတွေ အများကြီး ရှိချင်လိုက်တာ ။ ဒါဆိုရင် အထွန်း ဒီပါးကွက်လေးကို သိမ်းထားလို့ရမှာ ။

အိမ်ပေါ်သို့ရောက်သော အခါတွင်တော့ အလျင်အမြန်ပင် ရေသုတ်ကာ အမေပြန်လာကို စောင့်နေလိုက်သည်။

အမေ က ဥပုသ်စောင့်ထားတယ် ၊ အထွန်းလည်း သိပ်မစားချင်တော့ ထမင်းမချက်တော့ပါဘူး‌လေ ။

*******

"မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ .. ကူးပြောင်းစ တန်ခူးလေမှာ .."

အထွန်းက သီချင်း တကြော်ကြော် ဆိုရင်း မဏ္ဍပ်ရှိရာသို့ ထွက်လာသည်။

ဗဟို မဏ္ဍပ်က မြို့အလယ် ၊ အထွန်းတို့ အိမ်က မြို့ အစွန် ။ မနီးလှသော အကွာအဝေး ဖြစ်သော်လည်း အထွန်း ကတော့ အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မထင်။

ရေခွက်ဖြူဖြူကို လက်က ကိုင်ကာ ခုန်ဆွခုန်ဆွ ဖြင့် လျှောက်လာရင်း လမ်းတစ်ဝက်သို့ပင် ရောက်လာသည်။
တော်ပါသေးရဲ့ ရေလောင်းတဲ့ သူတွေ မရှိသေးလို့ ။

အထွန်း ကိုမိုးနဲ့တွေ့တဲ့အထိ ရေမစိုချင်သေးဘူး။ သင်္ကြန်မှာ အထွန်းကို ပထမဆုံးရေလောင်းတဲ့ သူက ကိုမိုးပဲ ဖြစ်စေချင်တာ။

"အမလေး"

တွေး၍ပင် မဆုံးသေးခင် ပခုံးတစ်ဖက်က ရွှဲရွှဲစိုသွားလေတော့ အလန့်တကြားပင် ထအော်မိတော့သည်။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now