[UNICODE]
ဟန်စစ်မင်း အသက် ၁၅နှစ်အရွယ်ကဖြစ်သည်။ ထိုနေ့က ဟန်စစ်မင်းက အဖွားစေခိုင်း၍ စျေးသို့ ပစ္စည်းဝယ်ရန် သွားခဲ့သည်။ စျေးဆိုသည့်အတိုင်း များစွာသော လူအုပ်နှင့်အတူ အစုစုသောစျေးဆိုင်များ နှင့် လမ်းကြားများက ရှုပ်ထွေးလွန်းလှသည်။ ရုတ်တရက်
ဟန်စစ်မင်း၏ အမြင်အာရုံထဲသို့ မြင်ကွင်းတစ်ခုက တိုးဝင်လာသည်။ အခြားမဟုတ် လမ်းကြားထောင့်ချိုးရှိ ဆိုင်ခန်းအဟောင်းနားတွင် ဒူးနှစ်ဖက်ကို ပိုက်လျက် ငိုနေသော ကလေးငယ်တစ်ယောက်ပင် ဖြစ်သည်။ ဟန်စစ်မင်း ထိုနေရာသို့သွားကာ ကလေးငယ်အားမေးသည်။"ညီငယ် ၊ဘာများဖြစ်လို့လဲ?"
"အိမ်ပြန်ချင်တယ်"
ဟန်စစ်မင်းက မေးသည့်အခါ ဖြူဖြူလုံးလုံး
ပါးဖောင်းဖောင်းလေးနှင့် ထိုကလေးလေးက ရှိုက်ရင်း ဖြေသည်။ ဟန်စစ်မင်းက ထိုကလေး လမ်းပျောက်နေသည်ကို ရိပ်မိပြီး ပုံစံကို အကဲခတ်ကြည့်ရာ လူကုံထန်အသိုင်းအဝိုင်းကဟု သိလိုက်သည်။"ညီငယ် အဖနာမည် သိသလား။"
"ဦးခွန်စိုင်း! "
အမည်ကြောင့် ဆယ်ကျော်သက်အရွယ် ဟန်စစ်မင်းက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ထိုကလေးကို ကြည့်သည်။ အမည်ပိုင်ရှင်က မြို့မျက်နှာဖုံး သူဌေးကြီးတစ်ဦးဖြစ်သည်မို့ ထိုအမည်ကို
အင်းဝတွင် မသိသူမရှိပေ။ ဟန်စစ်မင်းက
ထိုအဖြူလုံးလေးဆီ လက်ကို ကမ်းပေးရင်း
မေးလိုက်သည်။"အကို အိမ်ပြန်လိုက်ပို့ပေးရမလား?"
"......"
ပြန်မဖြေသော်လည်း ဖြူဖြူတုတ်တုတ်
လက်ကလေးက ဟန်စစ်မင်း ကမ်းထားသည့် လက်ကို ဆုပ်ကိုင်လိုက်သည်။ဟန်စစ်မင်းက ပြုံးကာ ထိုလက်ကို လွတ်မသွားစေရန် မြဲမြံစွာ
ကိုင်လျက် သူဌေး ဦးခွန်စိုင်း၏ အိမ်သို့ ဦးတည်လိုက်သည်။"ညီငယ် ၊ နောင်အခါ အိမ်က လူကြီးတွေမသိပဲ အပြင်လျှောက်မသွားရဘူးနော်။"
"....."
အဖြူလုံးလေးက ပြန်မဖြေ။ ဟန်စစ်မင်းကမူ မလွယ်ကြောလေးဟု တွေးလိုက်သည်။ လမ်းလျှောက်ချိန်ကား မကြာလိုက်ပဲ
ဦးခွန်စိုင်း၏ အိမ်ဝိုင်းရှေ့သို့ ရောက်သွားခဲ့ကြသည်။ ဟန်စစ်မင်းတို့ကို မြင်သည်နှင့် ခြံဝန်းအတွင်းမှ အမျိုးသမီး တစ်ဦးနှင့် အစေခံတချို့ ပြာပြာသလဲ ပြေးထွက်လာကြသည်။