အခန်း ၅ (Z + U)

6.2K 667 34
                                    

[UNICODE]

စောယွန်းတို့ ခရီးဆက်ခဲ့ကြသည်မှာ နှစ်ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
စောယွန်းက ရှေ့မှ ဦးဆောင်သွားနေသော သုန္ဓအနားသို့ရောက်စေရန် မြင်းကို အနည်းငယ်
ရှေ့သို့ သွားစေသည်။ ထို့နောက် ဘေးချင်းကပ်သို့ ရောက်လျှင် သုန္ဓဘက်သို့ လှည့်ကြည့်ရင်း စကားဆိုသည်။

"နောင့်စိုင်း ခရီးက ရောက်ဖို့ လိုသေးလား?"

"မနက်ဖြန် မွန်းတည့်ချိန်လောက်တော့ ရောက်နိုင်လောက်တယ်ပ။ "

"ဪ --"

စောယွန်းက အနည်းငယ် ခေါင်းငြိမ့်ရင်း
ပြန်ဖြေသည်။ Google Mapလည်း ကြည့်မရသည်မို့ သုန္ဓကိုသာမေးရသည်။ လောလောဆယ်တော့ သုန္ဓက Google Map ဖြစ်နေပြီး သူက
သုန္ဓဟူသည့် လူမြေပုံကို အားကိုးနေရသော လူဖြစ်နေသည်။ အနည်းဆုံးတော့ သုန္ဓက သူ မကြာခဏမေးတိုင်း စိတ်ညစ်သည့်ပုံမပြပဲ အမြဲစိတ်ရှည်စွာ ပြန်ဖြေပေးသည်။

အသက်မကွာလွန်းသည့် လူငယ်များနှင့်အတူ ခရီးသွားနေရင်း ၂၁ ရာစုက  သူငယ်ချင်းတစ်စုနှင့် ကျိုက်ထီးရိုးတောင်ပေါ်တက်ခဲ့သည်ကိုပင် စောယွန်း ရုတ်တရက် သတိရမိသည်။ ထိုစဉ်က ကိုးတန်း အတန်းတင်စာမေးပွဲဖြေအပြီး အတန်းတူသည့် ဆယ်ကျော်သက်ယောက်ျားလေးသူငယ်ချင်းတစ်စုလုံး ကျိုက်ထီးရိုးတောင်တက်ခဲ့ကြသည်။ လမ်းမသိပဲ အရှေ့က လူတွေသွားသည့်အတိုင်း သူတို့အနောက်မှ လိုက်ကြသည်။ တောင်များစွာကျော်ပြီးသည့်အခါ သူတို့ ခြေကုန်လက်ပန်းကျစပြုလာခဲ့သည်။ ထိုစဉ်က တောင်ပေါ်က ဆင်းလာသူများကို မြင်လျှင် နီးပြီလားခင်ဗျ ၊  လိုသေးလား ခင်ဗျဟု သူတို့လိုက်မေးခဲ့ကြသည်။ ဆင်းလာသူများကလည်း သူတို့ကို အဖြေတစ်ခုတည်းသာပေးကြသည်-- ဆက်သွား ရှေ့ကျရင် ရောက်ပြီဟူ၍။ သို့သော် မည်မျှပင်လျှောက်လျှောက် ရှေ့ကျရင်ရောက်ပြီဟူသည့်စကားက ဘယ်ရှေ့ကို ပြောမှန်း သူတို့မသိကြတော့ပေ။ နောက်ဆုံး ရင်ပြင်သို့တက်သည့်လှေကားဆီရောက်ပါမှ ရှေ့ကျရင်ရောက်ပြီဟူသည့်စကားကို သူတို့လက်ခံမိကြသည်။ မည်မျှပင်ဝေးလံနေသည်ဖြစ်စေကာမူ အနောက်ပြန်မလှည့်မချင်း တစ်ချိန်ချိန်တော့ ရောက်လိမ့်မည်။ 
စောယွန်းက သုန္ဓကို နားမပူချင်တော့ပဲ အချိန်တန်ရင် ရောက်မည်ဟုသာ တွေး၍ ပြုံးလိုက်သည်။ 

ဟေမန္တအလွန်Where stories live. Discover now