[UNICODE]
"နောင့်စိုင်း။ "
စောယွန်း၏ အကြည့်များက အပြင်သို့
ရောက်နေလျက် သုန္ဓအား ခပ်တိုးတိုး လေသံနှင့် ပြောသည်။"အင်း ပီအိုက်?"
"နန်းတော်ရဲ့ ပင်မစာကြည့်တိုက်ကို
ပီအိုက်ရဲ့ ရာထူးအဆင့်နဲ့ ဝင်ထွက်လို့
ရပါ့မလား?"သုန္ဓက ရယ်ကာ စောယွန်း၏ ပုခုံးကို အနည်းငယ် ပုတ်လိုက်သည်။
"ပီအိုက်က အိမ်ရှေစံရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးပဲ၊ ရတာပ။ ဒါပေမယ့် ကျွန်ုပ် လူလွှတ်ပြီး ပီအိုက် ဖတ်ချင်တာကို ယူခိုင်းလိုက်ပါ့မယ်။"
"နန်းတော်ရဲ့ ရာထူးအဆင့်အလိုက် ပြုစုထားတဲ့ လူစာရင်းလိုမျိုး ရှိလား နောင့်စိုင်း ဒါမှမဟုတ် ဌာနတွေအကြောင်းပြုစုထားတာမျိုး ? "
သုန္ဓက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
"ပီအိုက်က ဘာကို သိချင်တာလဲ? "
စောယွန်းက သုန္ဓကို ကြည့်ကာ ပြုံးလိုက်ရင်း
ပြန်ဖြေသည်။"အတွေးမလွန်ပါနဲ့ အရှင့်သားရယ် ။ ကျွန်တော်မျိုးက နန်းတော်မှာ အမှုတော်ထမ်းဖို့သာ ရောက်လာပေမယ့် နန်းတော်မှာ ဘယ်လို ဌာနတွေရှိတယ်။ ဘယ်သူတွေကတော့ ဘယ်လိုနေရာမှာ တာဝန်ထမ်းဆောင်နေတယ် စသဖြင့် သိထားရမယ်မဟုတ်လား။ ဘာမှ မသိပဲ နောင့်စိုင်းကို ဘယ်လို အကြံပေးရမလဲ? မဟုတ်ဘူးလား ။ အဲဒီအတွက် ပီအိုက် လေ့လာသင့်တယ်လေ "
"ကောင်းပြီ ၊ ပီအိုက်အတွက် လိုအပ်တာအကုန် ကျွန်ုပ် ယူခိုင်းလိုက်မယ်။ "
"ကျေးဇူးကြီးမားလှကြောင်းပါ အရှင့်သား။"
စောယွန်းက ဦးညွှတ်၍ ပြောသည့်အခါ သုန္ဓက လှစ်ခနဲ မျက်စောင်းထိုးသည်။
"ဟီး အရှင့်သားကလည်း စိတ်ကြီးပဲ။"
သုန္ဓက သူ့အား သွားများပေါ်သည်အထိ ရယ်ပြနေသော စောယွန်း၏ ပါးတစ်ဖက်ကို လက်နှင့် ဆွဲညှစ်လိုက်သည်။
"ခဏစောင့်၊ ကျွန်ုပ် အခုပဲ လူလွှတ်လိုက်မယ်။"
"ကောင်းပါပြီ "