Page 16

17.4K 2.7K 59
                                    

ကျောင်းဝန်းထဲသို့  မိုင်စိုင်းတို့ အုပ်စု ခြေချလိုက်သည်နှင့် ဦးစွာ ရောက်နှင့်နေသော ကလေးငယ်တို့သည် အပြေးလာ၍ ဖက်ကြ၏။ အချိန်သည် မနက်၇နာရီခွဲသာ ရှိသေးသော်လည်း ကလေးငယ်တို့မှာမူ ဆရာ၊ ဆရာမများထက် အမြဲ ကြို၍ ရောက်နေကြစမြဲ။ သည်လို ဒေသအထိ လာရောက်ပေးကြသော ဆရာ၊ ဆရာမများသည် သူတို့လေးတွေအဖို့ အဖိုးထိုက်တန်လွန်းလှ၏။ ကျောင်းနောက်ကျမှ ရောက်မိ၍ ဆရာတွေ၏ အငြိုငြင် ခံရမည်ကို သူတို့လေးတွေ မခံစားနိုင်။ သည်လူနည်းစု ဆရာ၊ ဆရာမတွေဆီကပဲ သူတို့တွေ ထိတွေ့ခွင့် မရသည့် ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်း အကြောင်းကို သိခွင့်ရသည် မဟုတ်လား။

သစ်ပင်တက်ခြင်း၊ ငှက်ပစ်ခြင်းကပဲ ပျော်ရွှင်မှုဟု ထင်နေခဲ့သည့် ကလေးငယ်တို့သည် ယခုတော့
သူတို့လေးတွေ မမြင်ဖူးသည့် မော်တော်ကားကြီးတွေ ၊
အဆောက်အဦး အမြင့်ကြီးတွေ အကြောင်းကို
ဆရာတွေဆီမှ နားထောင်ရသည်ကို သဘောကျလာကြသည်။ အသိပညာ နည်းပါးသော တောင်ပေါ် ဒေသ ကလေးငယ်တို့မှာ အတတ်ပညာပိုင်း၌လည်း နောက်ကျကြသေး၏။

လမ်းခရီး အခက်အခဲကြောင့် သင်ကြားရေး အထောက်အကူ ပစ္စည်းများ မစုံလင်ခြင်း၊ ပညာရေးဝန်ထမ်း အားနည်းလှသော ဒေသဖြစ်သည့် အလျောက် ကလေးငယ်တို့မှာ ပညာရေး၌ အားနည်းကြရသည်။ အခြေခံ အားနည်းခဲ့သည့် ကလေးတွေ ဖြစ်သော်လည်း ရောက်ရှိရာ အတန်း၌ အစွမ်းကုန် ကြိုးစားကြ၏။ ဘာသာစကား အခက်အခဲကြောင့် မိုင်စိုင်းသည်လည်း သင်ကြားရေးပိုင်း၌တော့ အကူအညီ မပေးနိုင်။

သို့သော် ကလေးငယ်တို့ ရေးလာသော အိမ်စာများကိုတော့
ကူစစ်ပေးနိုင်သည်။ အမှားများ လုပ်မိသော နေရာတိုင်းတွင်၌ ဖျက်ထားသည်က မည်းမည်းလေးတွေ ဖြစ်နေ၏။ ထိုအရာသည် ဝယ်ပေးထားသော ခဲဖျက်ကြောင့်လား။ ဒါမှမဟုတ် ခဲဖျက်ကို မသုံးထား၍ကြောင့်လား။

"သည်အမှားတွေကို ခဲဖျက်နဲ့ ဖျက်ထားတာလား ကလေး"

ကလေးငယ်သည် မိုင်စိုင်း၏ အမေးကို သိပ်နားလည်မတူ။ ထို့ကြောင့် ဖြည်းဖြည်းချင်း ပြောကာ အမူအရာ ဖြင့်ပါ ပြရသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now